တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပါကစ္စတန် အနောက်မြောက်ပိုင်း အသေခံဗုံးဖောက်ခွဲမှု တရုတ်အင်ဂျင်နီယာငါးဦးအပါအဝင် ခြောက်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 462

နွေနေ/နိရဉ္စရာ၊ မတ် ၂၇/၂၀၂၄ (နိုင်ငံတကာ)

ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ဘက် ခိုင်ဘာ ပက်ခ်တွန်ခွါပြည်နယ်၊ဘီရှန်းမြို့အနီးတွင် အင်္ဂါနေ့က တရုတ်အင်ဂျင်နီယာများလိုက်ပါလာသည့်ယာဉ်တန်းတစ်ခုကို အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသည့်ကားဖြင့် ဝင်တိုက်ခဲ့ရာ တရုတ်လူမျိုး အင်ဂျင်နီယာ ငါးဦး နှင့် ကားမောင်းသူတစ်ဦးတို့ သေဆုံးသွားသည်ဟု သိရှိရသည်။

တရုတ်အင်ဂျင်နီယာများသည် မြို့တော် အစ္စလာမာဘတ်မှ ၁၆၇ မိုင်ကွာဝေးသော ဒါဆု အရပ်၌ တရုတ်ကုမ္ပဏီက တည်ဆောက်နေသည့် အဓိက ရေအားလျှပ်စစ်ဆည် ရှိရာသို့ မော်တော်ယာဉ်တန်းဖြင့် အသွားတွင် အသေခံဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

" ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့က အလောင်း လေးလောင်းကို ရှာဖွေသယ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ နှစ်လောင်းကို ဆက်ရှာနေကြတုန်းပါ" ဟု ခိုင်ဘာ ပက်ခ်တွန်ခွါ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့​၏ ပြောကြားချက်အရ တရုတ်လူမျိုးများ လိုက်ပါလာသည့်ယာဉ်သည် ပေါက်ကွဲမှုနှင့်အတူ ချောက်ထဲသို့ ထိုးကျသွားခဲ့ပြီး အနည်းဆုံး လူနှစ်ဦးမှာ မီးလောင်ကျွမ်းသွားသဖြင့် မည်သူမည်ဝါဖြစ်သူကို မှန်းဆမရတော့ဟု ဆိုသည်။

မည်သည့်လက်နက်ကိုင်အုပ်စုကမျှ ၎င်းတို့​၏ လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို အစ္စလာမာဘတ်ရှိ တရုတ်သံရုံးကသော်လည်းကောင်း၊ ဘေဂျင်းရှိ တရုတ် နိုင်ငံခြားရေးဝန်ကြီးရုံးကသော်လည်းကောင်း တစ်စုံတရာမှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။


တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ​၏ အရင်းနှီးဆုံး မဟာမိတ်အဖြစ် စီမံကိန်းအမျိုးမျိုးတွင် အကြီးအကျယ် ရင်းနှီးမြှပ်နှံလျှက်ရှိသည်။

သို့သော် အဆိုပါစီမံကိန်းအသီးသီးတွင် လုပ်ကိုင်နေကြသော တရုတ်လူမျိုးများ​၏ လုံခြုံရေးမှာ အမြဲတမ်းလိုလို လက်နက်ကိုင်အဖွဲ့အမျိုးမျိုး​၏ ခြိမ်းခြောက်မှုကို ခံနေခဲ့ရသည်။

၂၀၂၁ခုနှစ်က ဒါဆု တွင် ဘတ်စ်ကားတစ်စီး ဗုံးဖောက်ခွဲခံရပြီး လူ ၁၃ ဦး သေဆုံးခဲ့ရာ ၎င်းတို့အနက် ၉ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်။

ဒါဆုသည် ဘူရှန်းမြို့အနောက်မြောက်ဘက် ၄၉ မိုင်အကွာတွင် တည်ရှိသည်။ တနင်္လာနေ့ညကလည်း ခွဲထွက်ရေးအဖွဲ့ဝင် တိုက်ခိုက်ရေးသမားများက ဘာလိုချီစတန်အနောက်တောင်ပိုင်း၊ တာဘတ် ဒေသရှိ ရေတပ် လေတပ်အခြေစိုက်စခန်း( naval airbase) ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပါကစ္စတန် စစ်သားတစ်ဦးသေဆုံးခဲ့သည်။

ဘာလို့ချ် လွတ်မြောက်ရေးတပ်( BLA) သည် ပါကစ္စတန်နှင့် ထိုဒေသရှိ တရုတ်အကျိုးစီးပွားများကို မကြာခဏတိုက်ခိုက်နေပြီး တာဘတ် တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု ကြေညာထားသည်။ ref: Aljazeera

ဆက်စပ် သတင်းများ