စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမေရိကန် ဘော်လ်တီမိုး တံတားကျိုးကျမှု လူ ခြောက်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 296

(ကုန်သင်္ဘော လျှပ်စစ်ဓါတ်အားနှင့် အင်ဂျင်လုံးဝ ရပ်ဆိုင်းသွားသည့်အတွက် မထိန်းနိုင်တော့ဘဲ တံတားကြီးကို အလိုအလျောက် ဝင်တိုက်ခဲ့)

နွေနေ၊ နိရဉ္စရာ (နိုင်ငံတကာ ဘာသာပြန်သတင်း) မတ် ၂၇/၂၀၂၄

အင်္ဂါနေ့ နံနက်စောစောပိုင်းက အမေရိကန် မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့ရှိ Francis Scott Key Bridge တံတားကြီးအား ကုန်တင်သင်္ဘောကြီးတစ်စီးက ဝင်တိုက်ပြီး တံတားကြီးတစ်ခုလုံး မြစ်ထဲ ပြိုကျသွားသည့် ဖြစ်စဉ်တွင် သေဆုံးသူ ခြောက်ဦးသာ ရှိသည်ဟု အမေရိကန် ကမ်းခြေစောင့်တပ်က ပြောကြားလိုက်သည်။

သေဆုံးသူများမှာ တံတားပေါ်တွင် လမ်းပြင်နေသော အလုပ်သမားများဖြစ်ပြီး တံတားကျိုးကျပြီး ၁၈ နာရီအကြာတွင် ရာသီဥတုနှင့် ရေခဲမတတ် အေးစက်နေသော Patapsco မြစ်ရေအခြေအနေကြောင့် ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကာ ထိုသူများအားလုံး သေဆုံးသွားပြီဟု မှတ်ယူကြောင်း ကမ်းခြေစောင့်တပ်က ပြောကြားသည်။

ဘော်လ်တီမိုးမြို့ရှိ ဖရန်စစ်စကော့ကီး တံတားကြီးမှာ ၁.၆ မိုင် ရှည်လျားပြီး တစ်နေ့လျှင် မေရီလန်းပြည်သူ ၃၀၀၀၀ ကျော် ဖြတ်သန်းသွားနေသော တံတားဖြစ်သည်ဟု သိရှိရသည်။

တံတားကျိုးကျပျက်စီးမှုကြောင့် အမေရိကန်အရှေ့ပိုင်းတွင် အရေးအပါဆုံး ဘော်လတီမိုးမြို့ ဆိပ်ကမ်းကို ပိတ်ထားလိုက်ရပြီး ကုန်သင်္ဘော ၈၀ ကျော် ပိတ်မိနေသည်ဟုဆိုသည်။

ဘော်လ်တီမိုး ဆိပ်ကမ်းသည် အလူမီနီယံ၊ သံမဏိ နှင့် မော်တော်ယာဉ်အမြောက်အများ တင်ပို့နေသော အဓိကဆိပ်ကမ်းတစ်ခုဖြစ်ပြီး စီးပွားရေးအရ ထိခိုက်မှုများစွာဖြစ်ခဲ့သည်ဟု ဆိုသည်။


ကုန်သေတ္တာ အလုံး ၃၀၀၀ တင်ဆောင်လာသော အရှည် ၉၂၄ပေရှိ စင်္ကာပူအလံတင်ကုန်တင်သင်္ဘော Dali သည် သီရိလင်္ကာနိုင်ငံသို့ ၂၇ ရက်ကြာမြင့်မည့် ခရီးစဉ် အစတွင် ယခုကဲ့သို့ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တံတားကြီးအား မတိုက်မီအချိန်တွင် သင်္ဘော​၏ လျှပ်စစ်ဓါတ်အားပေးစနစ် နှင့် အင်ဂျင်များ ရုတ်တရက် ရပ်တန့်သွားသည့်အတွက် သင်္ဘောကို မထိန်းနိုင်တော့ဘဲ တံတားကြီး​၏ ကွန်ကရစ်တိုင်ကို တိုက်မိကာ တံတားကြီးတစ်ခုလုံး မြစ်ထဲသို့ ပြိုကျခဲ့ရသည်။

သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံသား သင်္ဘောသား ၂၂ ဦးလိုက်ပါလာပြီး ၎င်းတို့အားလုံး တစ်စုံတရာ ထိခိုက်မှု မရှိဟု သိရသည်။

သင်္ဘော​၏ အင်ဂျင်များ ရပ်တန့်သွားပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေစဉ် သင်္ဘောပေါ်မှ မေရီလန်း ပို့ဆောင်ရေးအာဏာပိုင်ရုံးသို့ အရေးပေါ်အခြေအနေ ကျရောက်ကြောင်း သတင်းပေးပို့ခဲ့ရာ မေရီလန်းပို့ဆောင်ရေးအာဏာပိုင်ရုံးက တံတားပေါ်ဖြတ်သန်းနေသော မော်တော်ယာဉ်အားလုံးကို ချက်ခြင်း ရပ်တန့်စေလိုက်နိုင်သည့်အတွက် ထိခိုက်သေဆုံးမှု နည်းခဲ့သည်ဟု ဆိုသည်။

ဘောလ်တီမိုး ဖရန်စစ် စကော့ကီးတံတားကြီးကို ၁၉၇၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာ တံတားကြီးမှာ နှစ်ပေါင်း ၄၇ နှစ် သက်တမ်းရှိပြီဖြစ်သည်။

မေရီလန်းအထက်လွှတ်တော်အမတ် ဘင် ကာဒင်က တံတားကြီး ပြန်လည်ဖွင့်လှစ်ရေးမှာ အမေရိကန်စီးပွားရေးအတွက် အရေးကြီးကြောင်းပြောကြားခဲ့သလို သမ္မတဂျိုးဘိုင်ဒင်ကလည်း ဇာတိ ဒီလာဝဲယာ မှ ဝါရှင်တန်သို့ ဤတံတားကြီးပေါ်မှ အကြိမ်ပေါင်းများစွာဖြတ်သန်းခဲ့ဖူးကြောင်းနှင့် တံတားကြီးကို အစိုးရရန်ပုံငွေအမြောက်အများအသုံးပြုပြီး ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: Reuters/ bbcworld

ဆက်စပ် သတင်းများ