နွေနေ/ နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၄ (နိုင်ငံတကာ)
ဆီးရီးယားနိုင်ငံ၊ဒမတ်စ်ကပ်မြို့ရှိ အီရန်ကောင်စစ်ဝန်သံရုံးကို ဧပြီ-၁ရက်နေ့က အစ္စရေးကဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကောင်စစ်ဝန်သံရုံးတစ်ခုလုံး ပြိုကျသွားပြီးအီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတစ်ဦးအပါအဝင် သံရုံးအတွင်းရှိ လူအားလုံးသေဆုံးသွားကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံသတင်းက ကြေညာသည်။
ဗြိတိန်အခြေစိုက်ဆီးရီးယားစစ်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ပြောကြားချက်အရ အစ္စရေး တို့၏ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့်အီရန်သံရုံးနှင့် တွဲဖက်ထားသော ကောင်စစ်ဝန်ရုံး တစ်ခုလုံး ပျက်စီးသွားပြီးအစောင့်တပ်ဖွဲ့ဝင်များအပါအဝင် လူ ၈ ဦး သေဆုံးသွားသည်ဟု သိ၇သည်။
“ အစ္စရေး အက်-၃၅ တိုက်လေယာဉ်က ပစ်ခတ်လို့သံရုံးထဲက လူငါးဦးသေဆုံးသွားပါတယ်” ဟုဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ဟိုစိန် အက်ဘာရီက အီရန်ရုပ်သံသို့ပြောကြားခဲ့သည်။
သံအမတ်သည်တိုက်ခိုက်မှု ဖြစ်ပွားစဉ်သံရုံးအတွင်း၌ ရှိမနေဟု ဆိုသည်။
ယခုတိုက်ခိုက်မှုမှာပါလက်စတိုင်းဟားမတ်စ်စစ်သွေးကြွအဖွဲ့ အား တိုက်ခိုက်နေသည့် ဂါဇာစစ်ပွဲ အရှိန်မြင့်နေစဉ် နှင့် အစ္စရေးနှင့်အီရန်မဟာမိတ်များအကြား တင်းမာမှုမြင့်မားလာနေစဉ် ပေါ်ပေါက် လာခြင်းဖြစ်သည်။
အီရန်သံရုံးကြီးနှင့်တွဲဖက်ထားသော ကောင်စစ်ဝန်ရုံးတစ်ခုလုံး ပြိုကျသွားပြီး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များက အပျက်အစီးများကြားရှာဖွေနေသည်ကို မြင်တွေ့၇သည်ဟု အေအက်ဖ်ပီ သတင်းထောက်က ပြောသည်။
“ တိုက်ခိုက်မှုကြောင့်အဆောက်အဦးတစ်ခုလုံးပြိုကျသွားပြီး အထဲမှာရှိသူအားလုံး သေဆုံး သွားပါတယ်။ အဆောက်အဦးပျက်အောက်ကအလောင်းတွေကို တူးဖော်ရှာဖွေနေပါတယ်” ဟု ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အီရန်ရုပ်သံ၏ကြေညာချက်အရ သေဆုံးသွားသူများထဲတွင် ဆီးရီးယားရှိ အီရန် ကွဒ်တပ်ဖွဲ့ တပ်မှူးကြီးဒုတိယဗိုလ်ချုပ်ကြီး မိုဟာမက်ရေဇာ ဇာဟီဒီ လည်း ပါဝင်သည်ဟု သိ၇သည်။
အီရန်သံအမတ်အက်ဘာရီက “ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ ဇီယွန်ဝါဒ သရုပ်မှန်ကိုဖော်ပြလိုက်တာဖြစ်တယ်။ သူတို့ဟာ သူတို့လိုချင်တာရဖို့ လူသားမဆန်တဲ့ လုပ်ရပ် အားလုံး လုပ်နေသလိုနိုင်ငံတကာဥပဒေတွေကိုလည်း ဂရုမစိုက်ဘူး” ဟု ပြောဆိုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟိုစိန် အေမီရာဒိုလာဟီရန်က “ ယခုတိုက်ခိုက်မှု၏နောက်ဆက်တွဲ အကျိုးဆက်အားလုံးကိုအစ္စရေးက တာဝန်ခံရမည်ဖြစ်ကြောင်း၊ အီရန်ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်မှုသည်နိုင်ငံတကာသဘောတူစာချုပ်များကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံတကာ အသိုင်းအဝန်းကအပြင်းအထန်တုန့်ပြန်ရမည်ဖြစ်ကြောင်း” အီရန်ရုပ်သံသို့ ပြောကြားခဲ့သည်။
ref:AFP/CNA