ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမေရိကန် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီကြီး Schlumberger က စစ်အုပ်စု၏ MOGE ထံ ပစ္စည်းကိရိယာများရောင်းချနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 477

လူထက်နိုင်(ဒွာရာမြီ)

 နိရဉ္စရာ၊ ဧပြီ ၃ / ၂၀၂၄

အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီကြီး Schlumberger က အကြမ်းဖက် စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)  ထံ ပစ္စည်းကိရိယာများ ဆက်လက် ရောင်းချပေးအပ်နေကြောင်းဧပြီ လ ၃ရက်နေ့တွင် Justice For Myanmar  က ထုတ်ပြန်သည်။

Schlumberger နှင့် အခြားရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသည့် စီမံကိန်းများသည် စစ်အုပ်စုထံ ငွေပေးချေမှုများ ရပ်တန့်ပြီး၊ အကာအကွယ်ပြုထားသည့် အကောင့်များတွင် သိမ်းဆည်းထားခြင်းမရှိပါက မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်တန့်ရန် JFM က တောင်းဆိုထားသည်။

အစိုးရများအနေဖြင့် MOGE နှင့်အတူ တရားမဝင်စစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနှင့် လေယာဉ်ဆီများ ရရှိနေသည့် အခြားအရင်းအမြစ်အားလုံးအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန်လည်း  Justice For Myanmar  မှတောင်းဆိုထားသည်။

အမေရိကန်ပြည်ထောင်စု စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီကြီး Schlumberger အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် စစ်အုပ်စု၏ တရားမဝင်ထိန်းချုပ်မှု အောက်တွင် ရောက်ရှိနေပြီး၊ ပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့ နေသည်ကို သိရှိလျက်နှင့်ပင် MOGE ထံ ပစ္စည်းများ ဆက်လက် ရောင်းချပေးနေခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ကုန်သွယ်မှုအချက်အလက်များအား ဆန်းစစ်ရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လနှင့် နိုဝင်ဘာလများတွင် Schlumberger Vietnam Services Co. Ltd. မှ MOGE ၏ မန်းနေးဂျင်းဒါရိုက်တာထံ ကုန်ပစ္စည်း တင်ပို့မှု နှစ်ကြိမ်ရှိခဲ့ပြီး ယင်းတင်ပို့မှုနှစ်ကြိမ်လုံးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများတွင် အသုံးပြုသည့် ကေဗယ်ကြိုးများကို တိုင်းတာရန်အတွက် လေဆာချိန်ညှိကိရိယာများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအကြိမ်တင်ပို့မှုသည် အမေရိကန်ပြည်ထောင်စုက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် MOGE အား ဘဏ္ဍာရေးဝန်ဆောင်မှု ပေးအပ်ခြင်းများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ပြဌာန်းပြီး နောက်ပိုင်း ပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း Justice For Myanmar  မှထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် MOGE အပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Justice For Myanmar သည် အမေရိကန်နှင့် အခြားနိုင်ငံများမှ Schlumberger ကုမ္ပဏီအပါအဝင် စစ်အုပ်စုကို ထောက်ကန်ပေးထားသည့် ရေနံလုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီ ၂၂ ခုကို ရှာဖွေ ဖော်ထုတ်ခဲ့ကြောင်းသိရသည်။

Schlumberger သည် နယူးရောက်စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှု ကော်ပိုရေးရှင်းတစ်ခု ဖြစ်သည်။ ၎င်း၏ ပနားမားအခြေစိုက်ကုမ္ပဏီခွဲ Schlumberger Logelco သည် မြန်မာနိုင်ငံတွင် လုပ်ငန်းခွဲ တစ်ခုရှိပြီး၊ မှတ်ပုံတင်ထားဆဲ ဖြစ်ကြောင်းသိရသည်။

Justice For Myanmar က ယခင်က ဖော်ထုတ်ထားသည့်အတိုင်း အဆိုပါလုပ်ငန်းခွဲသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၁.၇ မီလီယံ အခွန်ဝင်ငွေ ရရှိခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားလာသည့် အခွန်ငွေစာရင်းများအရ သိရပြီး၊ အဆိုပါအခွန်ငွေများအပေါ် အခွန်မဆောင်မီ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅.၄ သန်းကို ရရှိခဲ့ကြောင်းသိရသည်။

၂၀၂၁ ခုနှစ်၊ နောက်ဆုံးသုံးလစာ စာရင်းများအရ အဆိုပါလုပ်ငန်းခွဲသည် နောက်ထပ် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁.၅ သန်းရရှိခဲ့ပြီး၊ အများစုကို POSCO International နှင့် အခြား နိုင်ငံခြား ရေနံကုမ္ပဏီ များထံမှ ရရှိခဲ့သည်။ သို့ရာတွင် MOGE ထံမှလည်း တိုက်ရိုက်ရရှိခဲ့သည်။ 

Justice For Myanmar ၏ သတင်းရင်းမြစ်အရ MOGE သည် ၂၀၂၂ ခုနှစ်အတွင်း Schlumberger ကုမ္ပဏီထံ ငွေပေးချေမှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေသည်ဖြစ်ရာ Schlumberger ကုမ္ပဏီကဲ့သို့ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီများသည် စစ်အုပ်စုနှင့် ကြံရာပါ ပတ်သက်မှုများ ဖြစ်စေခဲ့ကြောင်း Justice For Myanmar  မှထုတ်ပြန်သည်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!