Preview

အစ္စရေး အာဏာပိုင်များက အယ်လ်ဂျာဇီးရား ရုံးခန်းကို ဝင်ရောက်စီးနင်း

မေ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :1104
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၆/၂၀၂၄

အစ္စရေးအာဏာပိုင်များက အယ်လ်ဂျာဇီးရားရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရှိ၇သည်။

ကာတာပိုင်အယ်လ်ဂျာဇီးယား ရုပ်သံဌာန ၏ ရုပ်သံထုတ်လွှင့်ခြင်းကိုမေလ လ ၅ ရက် တွင် ပိတ်သိမ်းရန်အစ္စရေးအစိုးရက ဆုံးဖြတ်လိုက်ပြီးနောက် အယ်လ်ဂျာဇီးယားက ရုံးခန်းအဖြစ်အသုံးပြုသည့် ဂျေရုဆလင်ဟိုတယ် အခန်းကို အစ္စရေးအာဏာပိုင်များကဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးအရာရှိနှင့် အယ်လ်ဂျာဇီးရားသတင်းရင်းမြစ်တစ်ခုကရိုက်တာသတင်းကို အတည်ပြု ပြောကြားခဲ့သည်။

အရပ်ဝတ်အရာရှိတွေကဟိုတယ်ခန်းအတွင်းရှိ ကင်မရာပစ္စည်းများအား ဖြုတ်သိမ်းနေသည့်ဗီဒီယိုဖိုင်သည် အွန်လိုင်းတွင် ပျံ့နှံ့နေသည်ကို တွေ့၇သည်။

ဂါဇာမှာစစ်ပွဲတွေ ဆက်ဖြစ်နေသရွေ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုဆိုကာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ အစိုးရအဖွဲ့က အယ်လ်ဂျာဇီးရားကို ပိတ်ပစ်လိုက်သည်။

အဆိုပါလုပ်ရပ်သည်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း၊ အယ်လ်ဂျာဇီးရား ကွန်ရက်သည် အစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသည်မှာ သတင်းသမားများအတွက်"အန္တရာယ်ရှိပြီး ရယ်စရာကောင်းသောလိမ်ညာမှု" ဖြစ်သည်ဟု အယ်လ်ဂျာဇီးရားကပြောကြားသည်။

အစိုးရအဖွဲ့ကတညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် " လှုံ့ဆော်မှုချန်နယ်ဖြစ်သည့် အယ်လ်ဂျာဇီးရားကိုအစ္စရေးတွင်ပိတ်ပစ်မည်"ဟုနေတန်ယာဟုက လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

ဂါဇာတွင်အစ္စရေး၏စစ်ဆင်ရေးကို အယ်လ်ဂျားဇီးရားက ဝေဖန်ခဲ့ပြီး စစ်ပွဲတစ်လျှောက်လုံးဂျေရုစလင်မှနေ သတင်းရေးသားထုတ်လွှင့်ခဲ့သည်။

အစ္စရေး၏ဆက်သွယ်ရေးဝန်ကြီးက "ချက်ချင်းလုပ်ဆောင်ရန် အမိန့်" ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အစိုး၇ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် အစ္စရေးရှိ အဲလ်ဂျာဇီးရား၏ရုံးများကို ပိတ်ခြင်း၊အသံလွှင့်စက်များ သိမ်းဆည်းခြင်း၊ ကေဘယ်လ်နှင့် ဂြိုလ်တုကုမ္ပဏီများမှရုပ်သံလိုင်းများကို ဖြတ်တောက်ခြင်းနှင့် ၎င်း၏ ဝက်ဘ်ဆိုက်များကိုပိတ်ဆို့ခြင်းများ ပါဝင်သည်။

အစ္စရေးဂြိုလ်တုနှင့် ကေဘယ်လ်ရုပ်မြင်သံကြား ပံ့ပိုးပေးသူများသည် အယ်လ်ဂျာဇီးရားထုတ်လွှင့်မှုများကို အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ရပ်ဆိုင်းခဲ့သည်။

သို့ရာတွင်အယ်လ်ဂျာဇီးရား နှင့်ပတ်သက်ပြီး ကာတာအစိုးရက တရားဝင် မှတ်ချက်ပေးခြင်း မရှိပေ။ ကာတာသည် ၁၉၉၆ ခုနှစ်တွင် အယ်လ်ဂျာဇီးရား ကိုတည်ထောင်ခဲ့သည်။

အယ်လ်ဂျာဇီးရားမီဒီယာကွန်ရက်က "လူ့အခွင့်အရေးနဲ့အခြေခံအချက်အလက်တွေကို ချိုးဖောက်တဲ့ဒီရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟုအယ်လ်ဂျာဇီရား မီဒီယာ ကွန်ရက်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း အယ်လ်ဂျာဇီးရားရုံးအပိတ်ခံ၇မှုကိုပြင်းထန်စွာဝေဖန်ခဲ့သည်။

“အစ္စရေးနိုင်ငံမှာအယ်လ်ဂျာဇီးရားကိုပိတ်ပစ်ဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုဝမ်းနည်းမိပါတယ်” ဟု X လူမှုကွန်ရက် တွင် ဖော်ပြထားသည်။

လွတ်လပ်ပြီးအမှီအခိုကင်းသော မီဒီယာသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိစေရန် မရှိမဖြစ် လိုအပ်ပါသည်။

ယခုဆိုလျှင်ဂါဇာမှ နေ၍ သတင်းပေးပို့ခြင်းအပေါ်တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူ့အခွင့် အရေးတွင်လွန်စွာအရေး ကြီးပါသည်။ ထို့ကြောင့်တားမြစ်ချက်ကို ပယ်ဖျက်ပေးဖို့ (အစ္စရေး) အစိုးရကို တိုက်တွန်းပါသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားသည်။

Al Jazeera သည် ၎င်း၏တစ်ကမ္ဘာလုံးရှိ ပရိသတ်များအတွက်သတင်းနှင့် သတင်း အချက်အလက်များ ဆက်လက် ပံ့ပိုးပေးသွားမည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သောလတွင်အစ္စရေးပါလီမန်သည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုဟုယူဆထားသည့် နိုင်ငံခြားရုပ်သံထုတ်လွှင့်မှုများကို အစ္စရေးတွင်ယာယီပိတ်ထားခွင့်ပြုသည့်ဥပဒေကို အတည်ပြုခဲ့သည်။

အဆိုပါဥပဒေတွင်နေတန်ယာဟုနှင့် ၎င်း၏လုံခြုံရေးဝန်ကြီးအဖွဲ့သည် အစ္စရေးရှိ ကွန်ရက်ရုံးများကို၄၅ ရက်ကြာ ပိတ်ထားရန် ခွင့်ပြုထားပြီး သက်တမ်းတိုးနိုင်သည့်ကာလဖြစ်သောကြောင့်ဇူလိုင်ကုန် အထိ သို့မဟုတ်ဂါဇာတွင် အဓိကစစ်ဆင်ရေးများ ပြီးဆုံးသည်အထိဆက်လက် အသက် ဝင်မည်ဖြစ်သည်။ Source/DarkaTribune

#အစ္စရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.