စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အင်ဒိုနီးရှားတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၅၂ ဦး ထိတိုးလာ လူ ၁၇ ဦးပျောက်ဆုံးနေပြီး၊ လူပေါင်း ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 792

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၅/၂၀၂၄ (နိုင်ငံတကာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေသည် (၅၂)ဦး အထိ မြင့်တက်လာပြီး လူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက မေလ ၁၄ ရက်က ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ချော်ရည် အေးများ စီးဆင်းခြင်းတို့ကြောင့် သေဆုံးသူ ဦးရေသည် (၅၂)ဦးအထိ မြင့်တက်လာပြီး ၁၇ ဦးလည်း ပျောက်ဆုံးနေကြောင်း၊ လူပေါင်း ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များကပြောကြားသည်။

မေလ(၁၂)ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း တို့ဖြစ်ပွားခဲ့ပြီး အနောက်ဆူမတြားပြည်နယ်ရှိ ၊ခရိုင်သုံးခုတွင် ရွှံ့နွံများ၊ မီးတောင်ပြာများ၊ ကျောက်တုံး အပိုင်းအစများနှင့် ချော်ရည်အေးများ စီးဆင်းမှုကြောင့် မေလ (၁၃)ရက် ထိ သေဆုံးသူ ၄၃ ဦးထိရှိခဲ့ပြီး မေလ (၁၄)ရက်တွင် သေဆုံးသူဦးရေသည် (၅၂)ဦးထိမြင့်တက်လာခဲ့သည်။

သေဆုံးသူ ၅၂ ဦးအနက် ၄၅ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ပျောက်ဆုံးနေဆဲ လူ ၁၇ ဦးကို ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ဆက်လက်ရှာဖွေ သွားမည် ဖြစ်ကြောင်း အနောက်ဆူမားတြား သဘာဝဘေးအန္တရာယ် အေဂျင်စီမှပြောရေးဆိုခွင့်ရှိသူ အီဟန်ဝါဟပ် ပြောဆိုသည်။

ရေကြီးမှုကြောင့်ခရိုင် ၃ ခုရှိ အိမ်ခြေပေါင်း ၂၄၉ လုံး၊ စပါးစိုက်ခင်းများ အပါအဝင် မြေယာ ၂၂၅ ဟက်တာ (၅၅၆ ဧက) နှင့် အဓိကလမ်းများ ပျက်စီးခဲ့ရကြောင်းမေလ ၁၃ ရက်ကစပြီး ရေများ ပြန်လည်ကျဆင်းသွား ပြီဖြစ်ကြောင်း အီဟန်ဝါ​ဟပ်က ဆက်လက် ပြောကြားသည်။

"ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက် ရှာဖွေနေပါတယ်။ ဒါ့အ ပြင်၊ ရေကြီးမှုကြောင့် အဓိက လမ်းမကြီး တွေပေါ်မှာတင်ကျန်နေတဲ့ ရွှံ့နွံတွေ၊ သစ်ပင် သစ်လုံးတွေ၊ ကျောက်တုံး ကျောက်ခဲ ကြီးတွေကို လည်းရှင်းလင်းဖယ်ရှားပြီးသန့်ရှင်းရေးလုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမှာပါ” ဟု အီဟန် က ဆက်လက်ပြော ကြားသည်။ မေလ (၁၄)ရက်နေ့အထိ လူပေါင်း (၃၃၉၆)ဦးကို အနီးနား၀န်းကျင်ရှိ အဆောက်အဦးများသို့နေရာ ရွှေ့ပြောင်းပေးထားရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှုအေဂျင်စီ BNPB မှ အကြီးအကဲဖြစ်သူ ဆူဟာယန်တို က ပြောဆို သည်။

BNPB သည် ရွက်ဖျင်တဲများ၊ စောင်များ၊ အစားအသောက်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ သယ်ဆောင်ရလွယ်ကူသောရွေ့လျား အိမ်သာများနှင့် ရေသန့် စက်များကိုလည်း ဖြန့်ဝေ ပေးထားကြောင်း သို့သော်လည်း လမ်းအများစုမှာ ရွှံ့နွံများ ဖုံးလွှမ်းနေသောကြောင့် ထောက်ပံ့ ပစ္စည်းများဖြန့်ဝေ မှု ကိုအဟန့်အတားဖြစ်နေ ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ Source/ BD News 24

ပုံစာ- -"မေလ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမာတြားပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးနေသည့်ကားတစ်စီးကို တွေ့မြင်ရစဥ်" Antara Foto/Iggo El Fitra/ရိုက်တာ မှတဆင့်)

ဆက်စပ် သတင်းများ