စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး တို့ သေဆုံးသွားခဲ့ကြောင်း အီရန် အရာရှိအတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 509

(ရဟတ်ယာဉ်ပေါ်တွင်လိုက်ပါလာသူ အားလုံး သေဆုံးခဲ့)  

ဂျွန်နသန်၊ မေ ၂၀/ ၂၀၂၄ ( နိုင်ငံတကာ) Photo: BR

" သမ္မတ Raisi နဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့အပါအ၀င် ရဟတ်ယာဉ်ပေါ်မှာ ပါလာ သူ တွေ အားလုံး သေဆုံးခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ အီရန် အကြီးတန်း အရာရှိက ရိုက်တာသို့ ပြောကြားခဲ့သည်။

အီရန်သမ္မတ Ebrahim Raisi နှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးတို့သည်တောတောင်ထူထပ်မှုနှင့် အေးခဲသော ရာသီဥတုအတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ကြောင်း အရှေ့အဇာဘိုင်ဂျန် ပြည်နယ်တွင် ရှာဖွေရေးအဖွဲ့များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် တနင်္လာနေ့(မေလ ၂၀ ရက်) အစောပိုင်းတွင် ရဟတ်ယာဥ် ပျက်ကျရာ အပျက်အစီးများဆီသို့ ရောက်ရှိရန် တစ်ညလုံး နှင်းမုန်တိုင်းများ ကို ခက်ခက်ခဲခဲ တွန်းလှန်ခဲ့ကြရသည်။

သမ္မတRaisi နှင့် နိုင်ငံခြားရေးဝန်ကြီး Amirabdollahian တို့ လိုက်ပါလာသည့် ရဟတ်ယာဉ်သည် မေလ ၁၉ ရက်က ပျက်ကျမှုကြောင့် ရဟတ်ယာဉ်မှာ လုံးဝမီးလောင်သွားကြောင်း အီရန်အရာရှိ တစ်ဦးက ရိုက်တာ သို့ တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ဓာတ်ပုံများတွင်ဖော်ပြထားချက်အရ လေယာဉ်သည် တောင်ထိပ်သို့ ပျက်ကျ သွားသည်ကို တွေ့မြင်ရကြောင်း နိုင်ငံပိုင် ရုပ်သံကသတင်းဖော်ပြခဲ့သည်။

သမ္မတ Raisi သည် အမေရိကန်လုပ် Bell 212 ရဟတ်ယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာန IRNA က ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် တနင်္လာနေ့(မေလ ၂၀ ရက်) အစောပိုင်းတွင် ရဟတ်ယာဥ် ပျက်ကျရာ အပျက်အစီးများဆီ ရောက်ရှိရန် တစ်ညလုံး နှင်းမုန်တိုင်းများ ကို ခက်ခက်ခဲခဲ တွန်းလှန်ခဲ့ရပြီး သွားရောက်ခဲ့ရသည်။

"ရဟတ်ယာဥ်ပျက်ကျတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့မှုနဲ့ အတူ ရဟတ်ယာဉ်မှာလိုက်ပါလာသူ အားလုံး၊ အသက်ရှင်ကျန်တဲ့ အရိပ်အယောင် တစုံတရာ မတွေ့ခဲ့ရပါဘူး” ဟု အီရန် လခြမ်းနီအဖွဲ့ အကြီးအကဲ Pirhossein Kolivand က နိုင်ငံပိုင် ရုပ်သံသို့ ပြောကြားခဲ့သည်။

ရဟတ်ယာဥ်ပျက်ကျမှုဖြစ်ပြီး နောက် သမ္မတRaisi အတွက်နိုင်ငံတစ်ဝှမ်းဆုတောင်းပွဲများပြသရန် နိုင်ငံတော်အသံလွှင့်ဌာနသည် ပုံမှန်အစီအစဉ်အားလုံးကိုရပ်တန့်ခဲ့သည်။

နိုင်ငံအများအပြားကလည်း ရဟတ်ယာဥ်ပျက်ကျမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ကယ်ဆယ်ရေးအတွက် မည်သည့်အကူအညီမဆို ပေးအပ်မည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ကြသည်။

ရဟတ်ယာဥ် ပျက်ကျမှုနှင့် ပတ်သက်သည့် အစီရင်ခံစာများနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှင်းလင်းတင်ပြခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီးတရုတ်နိုင်ငံကလည်း အလွန် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂကလည်း အရေးပေါ် ဂြိုလ်တုမြေပုံသုံး နည်းပညာကိုလည်း ပေးအပ်ဖို့ ကမ်းလှမ်းခဲ့သည်။

ယခုကဲ့သို့ရဟတ်ယာဥ်ပျက်ကျသွားချိန်သည် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အကျပ်အတည်း များနှင့် ပတ်သက်၍ အီရန်နိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ ကြီးထွားလာနေချိန်လည်း ဖြစ်သည်။

တီဟီရန်၏အငြင်းပွားနေသော နျူကလီးယား အစီအစဉ်နှင့် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့် စစ်ရေး ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာမှုအပေါ် အီရန် သည် နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။

အသက် ၆၃ နှစ်ရှိ Raisi သည်၂၀၂၁ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး ရာထူးတာဝန် ယူချိန်မှစ၍ အကျင့်စာရိတ္တဆိုင်ရာ ဥပဒေများကို တင်းကြပ်ရန် အမိန့်ပေးခဲ့ပြီး၊ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ကို အကြမ်းဖက် နှိမ်နင်းခဲ့ရာတွင်လည်း ကြီးကြပ်ခဲ့သူဖြစ်ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယား ဆွေးနွေးပွဲများတွင် လည်း ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့သူဖြစ်သည်။

Raisi သည် အဇာဘိုင်ဂျန်နိုင်ငံနှင့် ပူးတွဲစီမံကိန်းတစ်ခုဖြစ်သည့် Qiz-Qalasi ဆည် ကို ဖွင့်လှစ်ရန် တနင်္ဂနွေနေ့(မေလ ၁၉ ရက်) တွင် အဇာဘိုင်ဂျန်နယ်စပ်တွင် ရှိနေခဲ့သည်။

အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev က သမ္မတ Raisi အား ဖော်ရွေပျူငှာစွာ နှုတ်ဆက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးတွင်လည်း အကူအညီပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ အနောက်မြောက်ဘက်ရှိ အဇာဘိုင်ဂျန် နယ်စပ်သို့ သွားရောက်ခဲ့ရာမှ အပြန် ရဟတ်ယာဥ်သည်မေလ ၁၉ရက်(တနင်္ဂနွေနေ့)တွင် မြူထူထပ်သောတောင်များကို ဖြတ်ကျော်နေစဉ် အတွင်း ရာသီဥတုဆိုးရွားမှုအခြေအနေများကြောင့် ရဟတ်ယာဉ်ပျက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source/Dhaka Tribune

ဆက်စပ် သတင်းများ