စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

မက္ကဆီကိုတွင် မဲဆွယ်ပွဲ စင်မြင့်ပြိုကျလူ ၉ သေဆုံးခဲ့ပြီး၊ အနည်းဆုံး လူ ၆၃ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 267

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၂၃/၂၀၂၄

မက္ကဆီကိုနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စင်မြင့်တစ်ခု ပြိုကျခဲ့ရာ လူကိုးဦး သေဆုံးပြီး အနည်းဆုံးလူ ၆၃ ဦး ဒဏ်ရာရခဲ့ကြောင်းရိုက်တာသတင်းကဖော်ပြသည်။

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း နူဗိုလီယွန်ပြည်နယ်တွင် မေ ၂၂ ရက် (ဗုဒ္ဓဟူးနေ့)က ပြုလုပ်သည့် လူထုလှုပ်ရှားမှုပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးပွဲတစ်ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် စင်မြင့်ပြိုကျခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများတွင် အရွယ်ရောက်ပြီးသူ ရှစ်ဦးနှင့် ကလေးတစ်ဦးတို့ဖြစ်ကြောင်းအနည်းဆုံး လူ ၆၃ ဦး ဒဏ်ရာရခဲ့ကြောင်းပြည်နယ်အုပ်ချုပ်ရေးမှူး Samuel Garcia က သတင်းထောက်များကို ပြောကြားသည်။

ဒဏ်ရာရသူ အများအပြားကို ဒေသတွင်း ဆေးပေးခန်းများတွင် ကုသပေးနေကြောင်း မက္ကဆီကို လူမှုဖူလုံရေး အင်စတီကျုမှ ဒါရိုက်တာက သတင်းထုတ်ပြန်ခဲ့သည်။


လူထုလှုပ်ရှားမှု ပါတီမှ သမ္မတလောင်း Jorge Alvarez Maynez က လေပြင်းတိုက်ခတ်မှုကြောင့် စင်မြင့်ပြိုလဲသွားကြောင်း ပြောကြားခဲ့သည်။

မတော်တဆဖြစ်စဥ်နှင့်ပတ်သက်ပြီး ဗီဒီယိုတစ်ခုတွင် အခမ်းအနား စင်မြင့်သည် လူအုပ်ထဲသို့ ရုတ်တရက် ပြိုကျကာ နိုင်ငံရေးသမားများနှင့် တက်ရောက်လာသူများ ထိတ်လန့်တကြား ပြေးလွှားနေပုံကိုပြသခဲ့သည်။

Alvarez Maynez ၏မဲဆွယ်စည်းရုံးရေးမှူး Laura Ballesteros သည်ခြေ ဖဝါးရိုး ကျိုးသွားသဖြင့် ဆေးရုံတင်ထားရပြီး San Pedro Garza Garcia ၏မြို့တော်ဝန်လောင်း Lorenia Canavati က ထိခိုက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများကိုထောက်ပံ့ရန် အာဏာပိုင်များနှင့် ညှိနှိုင်းနေသည်ဟု လူမှုမီဒီယာတွင်ရေးသားခဲ့သည်။

မက္ကဆီကို အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များနှင့် စစ်တပ် မှတပ်ဖွဲ့ ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ ထောက်ပံ့ကူညီရန် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Luisa Alcalde က ဆိုရှယ်မီဒီယာမှတဆင့် ပြောကြားခဲ့သည်။

ပြင်းထန်သော မိုးသက် မုန်တိုင်းများ ကြောင့် အဆိုပါ ဧရိယာအတွင်း နေထိုင်သူများကို အိမ်တွင်း၌သာ နေထိုင်ကြရန် အုပ်ချုပ်ရေးမှူး Garcia က သတိပေးထားသည်။

Alvarez Maynez က ၄င်း၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းထားလိုက် ကြောင်း၊အာဏာပိုင်များကဖြစ်စဉ်အား စုံစမ်းဖော်ထုတ် ရာတွင်ပွင့်လင်းမြင်သာမှုရှိမည်ဟု ၄င်းအနေဖြင့် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

လူထုလှုပ်ရှားမှု ပါတီမှ သမ္မတလောင်းဖြစ်သူ Alvarez Maynez သည် ဇွန်လ ၂ ရက်၌ ကျင်းပမည့် မက္ကဆီကိုသမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဥ်ပြိုင်မည့်သူဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲပြုလုပ်နေစဥ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စင်မြင့်ပြိုကျခဲ့သည့် မတော်တဆဖြစ်မှုနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ Source/Reuters

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!