တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် လေတပ်အခြေစိုက်စခန်းတည်ဆောက်ရန် အဆိုပြုချက်ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပယ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၂၄/၂၀၂၄

နိုင်ငံခြားတိုင်းပြည်တစ်ခုက ဘင်္ဂလားဒေ့ရှ်တွင် လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် အဆိုပြုလာမှု အပေါ် ပယ်ချခဲ့ကြောင်းဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောကြားလိုက်သည်။

အဆိုပြုလာသည့် နိုင်ငံအား သူမက ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ “white-skinned” foreign country (လူဖြူ) နိုင်ငံဟုသာပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေတပ်စခန်းတစ်ခု တည်ဆောက်ရန် အဆိုပြုချက်သည် 'လူဖြူ' နိုင်ငံတစ်ခုမှ အဆိုပြုလာခြင်းဖြစ်ကြောင်း၊၄င်း အဆိုပြုချက် ကို ပယ်ချလိုက်ပြီးနောက်တွင် ၎င်းတို့သည် သူမ၏ အစိုးရကို ဆန့်ကျင်ရန် ကြံစည်နေလျက်ရှိကြောင်း၊  ဘင်္ဂလားဒေ့ရှ်သည် စိန်ခေါ်မှုများကို မကြာခဏ ကြုံတွေ့နေရကြောင်း မေလ၂၃ရက် တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

" ရှင်တို့ကို သိမြင် စေဖို့၊ အသိပေးဖို့ အတွက် ကျွန်မ အခုလို ဒီသတင်းအချက်အလက်တွေကို မျှဝေပေးတာပါ။ သူတို့ ရဲ့ ကြံစည်မှုတွေကအခုထိ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်းဒေသ ၊ မြန်မာနိုင်ငံက အစိတ်အပိုင်းတချို့နဲ့ အရှေ့တီမောလ်တို့လိုနေရာမျိုး ၊ဒီမှာလည်း(ဘင်္ဂလားဒေ့ရှ်)ခရစ်ယာန်နိုင်ငံအဖြစ် ထူထောင်ဖို့ သူတို့မှာအစီအစဉ်တစ်ခုရှိပါတယ်”ဟု သူမ ကဆက်လက်ပြောဆိုသည်။

အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်နေ သည့် ဘင်္ဂလားပင်လယ်အော်တွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်မည့်အစီအစဉ်ကို သူမက ယခုလိုထုတ်ဖော်ပြောကြားခဲ့သည်။

“ဒီနေရာဟာ ကုန်သွယ်မှုနဲ့ စီးပွားရေးအတွက် အချက်အခြာ ကျတဲ့ အထင်ကရ နေရာ တစ်ခု  ဖြစ်နေတာ ကြာပါပြီ။ တော်တော်များများက ဒီနေရာ မှာ (လေတပ်စခန်း) တည်ဆောက် ချင်ကြပါတယ်။ ဒါပေမယ့် ဒီအဆိုပြုချက်ကိုကျွန်မ ပယ်ချခဲ့ပါ တယ်။ ဒီနေရာမှာ လေတပ်စခန်း တည်ဆောက်ပြီး ဘယ်နေရာတွေကို (သူတို့က) တိုက်ခိုက်လိုနေကြတာလဲ။ ဒီနေရာကိုအသုံးပြုပြီး တိုက်ခိုက်မှုတစ်ခုလုပ်ဆောင်မယ်ဆိုရင် လွယ်ကူမယ်ဆိုတာ ကျမသိပါတယ်” ဟု သူမက ဆက်ပြောသည်။

ရှိတ်ဟာဆီနာ က “ဒီလိုအခြေအနေတွေကြောင့် ကျွန်မတို့ဟာ စိန်ခေါ်မှုတွေကို မကြာခဏရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ဒီနိုင်ငံရဲ့ ပြည်သူတွေက ကျွန်မရဲ့ ခွန်အားပါ၊ သူတို့နဲ့ အတူရှိနေရင် ကျွန်မတို့ဟာ အခုအချိန်အထိဘာ ပြဿနာမှမရှိပါဘူး"ဟု ဆိုသည်။

သူမက ဆက်လက်ပြီး “ကျွန်မတို့ရဲ့ ရပ်တည်ချက်က စစ်ပွဲကို အမြဲဆန့်ကျင်နေပါတယ်။ ကျွန်မတို့ စစ်ပွဲကို မလိုလားပါဘူး။ ကျွန်မတို့ဟာ ကမ္ဘာ့ပြည်သူများနဲ့အတူ အမြဲအတူရှိနေပါတယ်” ပြောဆိုခဲ့သည်။

အဝါမီလိဂ်ဥက္ကဋ္ဌလည်းဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်လည်းဖြစ်သူ ရှိတ်ဟာဆီနာ သည် အဝါမီလိဂ်မှ ဦးဆောင်သည့် ၁၄ ပါတီ မဟာမိတ်အဖွဲ့ အစည်းအဝေး တွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင် လေတပ်စခန်းတစ်ခု တည်ဆောက်ရန် အဆိုပြု ကိုပယ်ချလိုက်သည့်အကြောင်းကိုအဆိုပါ​အစည်းအဝေး တွင် အသိပေး ထုတ်ဖော်ပြောဆိုခဲ့ ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသည် ဇန်န၀ါရီလ ၇ ရက်ကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပြီး ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးတစ်ခုဖြစ်သည်။ Source/Dhaka Tribune/ PM Hasina says she rejected proposal for airbase

(မှတ်ချက်- လေတပ်အခြေစိုက်စခန်းချရန် အဆိုပြုသည့် ကျွန်းမှာ မြန်မာနယ်စပ်အနီး နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း) ဟု သိရှိရပါသည်။ )

ဆက်စပ် သတင်းများ