စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး ထပ်မံသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၅/  ၂၀၂၄

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့အနီးတွင် အစ္စရေး၏ သံသယဖြစ်ဖွယ် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း တယ်လီဂရပ်က သတင်းဖော်ပြသည်။

စစ်ဘက်အကြံပေးတစ်ဦးဖြစ် သူ ဗိုလ်ချုပ်ကြီး Saeed Abyar သည် ဇွန်လ ၃ရက် နံနက်ပိုင်းက အစ္စရေး၏ လေကြောင်းမှဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် ပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်သည်။

၎င်းတိုက်ခိုက်မှု အတွင်း  အရပ်သား အများအပြား သေဆုံးကာ၊ ပစ္စည်းများလည်း ပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်း ဆီးရီးယားအစိုးရပိုင် ဆာနာ သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန် နိုင်ငံသည် ၎င်း၏အကျိုးစီးပွားများအပေါ် တိုက်ခိုက်လာမှုများကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု သတိပေးခဲ့ပြီးနောက် နှစ်လနီးပါးအကြာတွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

တပ်မှူးနှစ်ဦးအပါအဝင် ထိပ်တန်းအစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မှ အရာရှိအများအပြား သေဆုံးခဲ့သည့် ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးအား အစ္စရေးကလေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းပတ်များအတွင်း ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးနိုင်ငံအပေါ် မကြုံစဖူး တိုက်ရိုက် တိုက်ခိုက်မှုကို စတင်ခဲ့သည်။

အီရန်သည် မောင်းသူမဲ့ လေယာဉ် ၃၅၀ ကျော်နှင့် ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီး အများစုမှာ အမေရိကန်နှင့် ဗြိတိန်အပါအဝင် မဟာမိတ်များ၏ အကူအညီဖြင့် အစ္စရေးက ကြားဖြတ်  ဟန့်တားခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ် ပြီးဆုံးကတည်းက အီရန်သည် ဆီးရီးယားသမ္မတ အာဆတ် ၏ အစိုးရကို ထောက်ခံရန်အီရန် စစ်ဘက်ဆိုင်ရာ အကြံပေးများ စေလွှတ်ခဲ့သည်၊၊

အစ္စရေးက လည်း အီရန်စစ်တပ်၏ ပစ်မှတ်များကို တိုက်ခိုက်မှုများပုံမှန် ပြုလုပ်ခဲ့သည်။ အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟားမတ်စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက် က တိုက်ခိုက်မှု အပြီးတွင်  အစ္စရေးသည်ဆီးရီးယား၌ လေကြောင်း စစ်ဆင်ရေးများလုပ်ဆောင်နေလျက်ရှိသည်။

ဆီးရီးယားတွင် တိုက်ခိုက်မှုများကို အစ္စရေးက အသိအမှတ်ပြုခဲလှသည်။ ၁၉၄၈ ခုနှစ်တွင် ဂျူးနိုင်ငံကို စတင်တည်ထောင်ချိန်မှစ၍ နှစ်နိုင်ငံ ကြားစစ်ပွဲများဖြစ်ပွားခဲ့သည်။ အစ္စရေး ၏ ယခုတိုက်ခိုက်မှုသည် တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။

ယခင်တစ်ပတ်ကလည်း အစ္စရေးတို့သည် သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် မှ နေပြီး ဆီးရီးယား မြို့တော်၊ ဒမတ်စကတ်အနီးတစ်ဝိုက်ရှိ အချို့နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆာနာ သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။ Source/The Telegraph

 

ဆက်စပ် သတင်းများ