တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

အိန္ဒိယတွင် အရက်ပုန်း သောက်ပြီးနောက် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော်ကို ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 810

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၀/ ၂၀၂၄

အိန္ဒိယတွင် အရက်ပုန်း သောက်ပြီးနောက် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော်ကို ဆေးရုံတင်ထားရကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် တရားမ၀င်အရက်ပုန်းများကို သောက်သုံးပြီးနောက် လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူအများအပြား သည်  ဆေးရုံတွင်ဆေးဝါး ကုသမှု ခံယူနေရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

၄င်းတို့သည် အဆိပ်ပြင်းသည့် မက်သနောပါသော အရက်များသောက်သုံးခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြာသပတေးနေ့(ဇွန်လ ၂၀ ရက်) တွင် အတည်ပြုပြောကြာ ခဲ့သည်ဟု အယ်လ်ဂျာဇီးရား သတင်းကဖော်ပြသည်။

တမီလ်နာဒူးပြည်နယ်၊ကာလာကူရီချီခရိုင်တွင် တရားမ၀င်ချက်အရက်များသောက်သုံးပြီးနောက် အော့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဝေဒနာ ခံစားရသည့် လူပေါင်း ၁၀၀ ကျော်ကို ဆေးရုံတင်ထားရပြီး၊ ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဆေးရုံတင်ထားရသည့်လူနာများတွင် စိုးရိမ်ရသည့် လူနာအရေအတွက်သည် ပြောင်းလဲနေသည့် အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း ခရိုင်အရာရှိ MS Prasanth က ပြောဆိုသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ခရိုင် ရဲအကြီးအကဲ( ရဲမှူး) အပါအဝင် အရာရှိ (၁၀)ဦးထက်မနည်းကို ရာထူးမှ ဆိုင်းငံ့ထားကြောင်း ပြည်နယ်အစိုးရကအတည်ပြုပြောကြားခဲ့သည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေတဲ့ အခုလို ရာဇ၀တ်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းရပါ လိမ့်မယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် MK Stalin က ဆိုရှယ်မီဒီယာ  X တွင် ရေးသားခဲ့သည်။

ရဲတပ်ဖွဲ့က လူတစ်ဦးကို တရားမဝင် ယစ်မျိုးရောင်းချမှုဖြင့် ဖမ်းဆီးခဲ့ပြီး မက်သနော ရောနှောထားသည့် အရက် ၇၀၃၉ လီတာကို သိမ်းဆည်းရမိခဲ့ကြောင်းပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

မီသနောကို သောက်သုံး မိပါက မျက်စိကွယ်ခြင်း၊ အသည်းပျက်စီးခြင်းနှင့် အသက် သေဆုံးခြင်း တို့ကို ဖြစ်စေနိုင်သည်။

အရက် မှောင်ခိုသမားများသည် အခွန်မဆောင်ဘဲ ၎င်းတို့၏ အရက် ထုတ်ကုန်အမြောက်အမြားကို ဆင်းရဲသားများထံ ချိုသာသောနှုန်းထားဖြင့် ရောင်းချခြင်းဖြင့် အမြတ်အစွန်းများစွာရရှိလျက်ရှိသည်။

အဆိုပါတရားမ၀င်ချက်အရက်များသောက်သုံးမှုကြောင့် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဗီဟာ ပြည်နယ်တွင် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံအနောက်ဘက်ရှိ ဂူဂျာရတ်ပြည်နယ်တွင် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့သည်။

၂၀၂၀ ခုနှစ်တွင်  အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင်လည်း မသန့်ရှင်းသော အရက်များ သောက်သုံးပြီးနောက် အနည်းဆုံး လူ ၁၂၀ သေဆုံးခဲ့ရသည်။

SOURCE: AL JAZEERA 

 

ဆက်စပ် သတင်းများ