(အာဏာသိမ်းကြိုးပမ်းသည့် စစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးနှင့်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီးတို့ဖမ်းဆီးခံ၇)
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၄
ဘိုလီးဗီးယားတွင်စစ်တပ်ကအာဏာသိမ်းရန်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးနှင့် ရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီးတို့သည်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံလိုက်၇သည်။
ဘိုလီးဗီးယားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးJuan José Zúñiga ဦးဆောင်သောသံချပ်ကာယာဉ်များ သည် ဇွန်လ(၂၆)ရက်က လာပက်ဇ်ရှိ အစိုးရနန်းတော် တံခါးများကို ဖောက်ထွင်း ဝင်ရောက်စီးနင်းခဲ့ပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်။
သမ္မတLuis Arce ကအဆိုပါ လုပ်ရပ်အား အာဏာသိမ်းမှုအဖြစ် ရှုတ်ချလိုက်ပြီး နိုင်ငံတကာ၏ထောက်ခံမှုကို တောင်းခံလိုက်ပြီးနောက်တွင် Zúñiga ဦးဆောင်သော တပ်ဖွဲ့များသည်နန်းတော်အတွင်းမှ လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပုန်ကန်မှုသည်ဆုံးသတ်သွားခဲ့သည်။
သမ္မတArce ကိုထောက်ခံသူ ရာပေါင်းများစွာသည် နန်းတော်အပြင်ဘက်ရှိ ရင်ပြင်ဆီသို့ အပြေးအလွှားရောက်ရှိလာကြသည်။ယင်းနောက် ဘိုလီးဗီးယား အလံများကို ဝှေ့ယမ်းကာ နိုင်ငံတော်သီချင်းသီဆိုပြီးသမ္မတ Arce ကို အားပေးခဲ့ကြပြီးနောက်အောင်ပွဲခံခဲ့ကြသည်။
နာရီပိုင်းအကြာတွင်Zúñiga နှင့် ရေတပ်မှဒုတိယဗိုလ်ချုပ်ကြီး Juan Arnez Salvador တို့ကို ဖမ်းဆီးလိုက်ပြီးနောက် အာဏာသိမ်းရန်ကြိုးပမ်းမှုသည် အဆုံးသတ်သွားခဲ့၇သည်။
ယင်းနောက်သမ္မတ Arce ကစစ်တပ်အကြီးအကဲ အသစ်ကို ခန့်အပ်တာဝန် ပေး လိုက်သည်။
Zúñiga အပြင်ရေတပ် ဒုဗိုလ်ချုပ်ကြီး Juan Arnez Salvador ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်းအစိုး၇ဝန်ကြီး Eduardo del Castillo မှ ပြောကြားခဲ့သည်။
" ဒီအဖွဲ့ရဲ့ပန်းတိုင်က ဘာလဲ။ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ သူတွေကို ဖြုတ်ချဖို့ပါပဲ”ဟု Castilloက သတင်းထောက်များကိုပြောကြားခဲ့သည်။
“ယခုလုပ်ရပ်သည်ဒီမိုကရေစီနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ခိုက်ခဲ့ခြင်း” ဟု တရားရေးဝန်ကြီး Iván Lima က ပြောကြားခဲ့သည်။
Zúñiga သည်အမြင့်ဆုံးထောင်ဒဏ် (၁၅) နှစ်မှ (၂၀) နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း Lima ကဆိုရှယ်မီဒီယာပလပ်ဖောင်း X မှတစ်ဆင့်ပြောကြားခဲ့သည်။
Source/AP,Times of India