သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

အိန္ဒိယတွင် ဘာသာရေးပွဲတစ်ခု၌ လူအုပ်ပြိုလဲမှုကြောင့် လူ (၁၀၀) ကျော် သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 415

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလှိုင် ၂/၂၀၂၄

အိန္ဒိယတွင် ဘာသာရေးပွဲတစ်ခု၌ လူအုပ်ကြီးပြိုလဲကျမှုကြောင့် အနည်းဆုံး လူ (၁၀၇) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ ဥသာပရာဒေ့ရှ်ပြည်နယ်၊ ဟတ္ထရာ ခရိုင်တွင် ဇူလိုင်လ (၂)ရက် က ဘာသာရေးပွဲ တစ်ခု အတွင်း အလွန်များပြားလှသည့်လူအုပ်ကြီး တိုးဝှေ့ရာမှ အမျိုးသမီးအများစုအပါအဝင် အနည်းဆုံး လူပေါင်း (၁၀၇)ဦး သေဆုံးခဲ့ကြောင်း The Hindustan Times ကသတင်းဖော်ပြသည်။

ဟတ္ထရာ ခရိုင်၊ သီကန္ဒြာရာဥ ဒေသ၊ Rati Bhanpur ရွာရှိ တဲတစ်လုံးတွင် ဘာသာရေး တရားဟော ဆရာတစ်ဦးက ၎င်း၏နောက်လိုက်များအား တရားဟောကြားနေစဉ် အတွင်းအဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပွဲတော်ကျင်းပရာနေရာ၌လူအုပ်စုများပြားလွန်းသည့်အတွက် 'Satsang' ဘာသာရေးပွဲကို တက်ရောက် လာသူများသည် အသက်ရှူကြပ်ပြီး စိတ်မသက်မသာဖြစ်စေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ယင်းနောက်တွင် လူများ ပြေးလွှားတိုးဝှေ့ကြရာမှ လူအုပ်စုကြီး ပြိုလဲကျမှုဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ဘာသာရေးပွဲ ကျင်းပစဥ်တွင် ရာသီဥတုမှာ အလွန်ပူပြင်း ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်း ပြောကြားခဲ့သည်။

ဘာသာရေး အခမ်းအနား ပြီးဆုံးချိန်တွင် လူအုပ်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ယင်းနောက် လူတိုင်းသည် ထိုနေရာမှ အမြန်ဆုံး လွတ်မြောက်ရန် ပြေးလွှားခဲ့ ကြကြောင်း အသက်ရှင်ကျန်ရစ်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"လူအုပ်ကြီးလဲကြတဲ့အခါ ထွက်ပေါက်တွေပိတ်ကုန်ပါတယ်။ ကျွန်တော် အပြင်ကို ထွက်ဖို့ကြိုးစားတဲ့ အခါ၊ အပြင်မှာရပ်ထားတဲ့ ဆိုင်ကယ်တွေကလည်းရပ်ထားတော့ လမ်းကိုပိတ်ဆို့ထားသလိုဖြစ်နေ တယ်။ လူအတော်တော်များများဟာ မူးလဲပြီး သေဆုံးသွားကြတယ်” ဟု ဆေးရုံသို့ ပို့ဆောင်ခံရသူ တစ်ဦးက ပြောပြသည်။

အဆိုပါဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ဟတ္ထရာခရိုင်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ တာဝန်ရှိသူများအား ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း ဥသာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် Yogi Adityanath က ပြောကြားသည်။

 

Source/The Hindustan Times

ဆက်စပ် သတင်းများ