တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ယီမင်ရှိ ဟူသီများ ထိန်းချုပ်ထားသော ဆိပ်ကမ်းကို အစ္စရေးက လက်တုန့်ပြန်တိုက်ခိုက် (လူ ၃ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 518

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၂/၂၀၂၄

ယီမင်ရှိ ဟူသီများ ထိန်းချုပ်ထားသော ဆိပ်ကမ်းကို အစ္စရေးတို့က လေကြောင်းမှ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ကြောင်း Time of Israel ကသတင်းဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုသည် ဂါဇာစစ်ပွဲကာလအတွင်းအစ္စရေးက ယီမင်အား ပထမဆုံးအကြိမ် စတင်တိုက်ခိုက်မှု တစ်ခုဖြစ်ခဲ့ပြီး Hodeida ဆိပ်ကမ်းရှိ စက်ရုံများကို အဓိက ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူ (၃) ဦး သေဆုံးပြီး (၈၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအကြမ်းဖက် အဖွဲ့က ထိန်းချုပ်ထားသည် ရုပ်သံဖြစ်သည့် Al-Masirah TV က အတည်ပြု ပြောကြားခဲ့သည်။

အစ္စရေးလေတပ်သည် ယီမင်နိုင်ငံအနောက်ဘက်ရှိ Hodeida ဆိပ်ကမ်းကို ဇူလိုင်(၂၀)ရက်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ အီရန်ကျောထောက်နောက်ခံပြုထားသည့်အဖွဲ့မှ ပစ်လွှတ်သည့် ဒရုန်း တစ်စီးသည် Tel Aviv ကို တိုက်ခိုက်ခဲ့ရာအစ္စရေးအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ရက် အကြာတွင် ယီမင်နိုင်ငံ အနောက်ပိုင်းရှိ Hodeida ဆိပ်ကမ်းကို အစ္စရေးလေတပ်က ယခုကဲ့သို့လက်တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့(ဇူလိုင်၁၉ရက်)က ဟူသီ သူပုန်များသည် အစ္စရေး Tel Aviv ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၅၀ နှစ်အရွယ် Yevgeny Ferder ဆိုသူ တစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်သံရုံးအနီး ၀န်းကျင်တွင် လူ(၁၀) ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။

မကြာသေးမီလများအတွင်း အစ္စရေးနိုင်ငံအပေါ် ရာနှင့်ချီသော တိုက်ခိုက်မှုများအပေါ် လက်တုံ့  ပြန်သည့် အနေဖြင့် ယီမင်ရှိ Hodeida ဆိပ်ကမ်းဧရိယာရှိ ဟူသီအကြမ်းဖက်အဖွဲ့ ၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အစ္စရေး တိုက်လေယာဉ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို အစ္စရေးက ယီမင်ရှိ Hodeida ဆိပ်ကမ်းအား တိုက်ခိုက်ခဲ့မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း အစ္စရေး- ဟားမတ်စ် စစ်ပွဲ စတင်ချိန်ကာလကစတင်ပြီး ယီမင်မြေပေါ်ကို အစ္စရေးက ပထမဆုံး အကြိမ်စတင်တိုက်ခိုက်ခြင်းဖြစ် သည်။

"ဒါဟာ အစ္စရေး ကာကွယ်ရေးတပ်(IDF) တွေက ယီမင်မှာ ပထမဆုံးအကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို တော့ “Operation Outstretched Arm” လို့ အစ္စရေး စစ်တပ်က အမည်ပေးခဲ့ပါတယ်"ဟုအဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

IAF က ဆိပ်ကမ်း အား တိုက်ခိုက်မှုပြုလုပ်ရခြင်း သည် ဟူသီသူပုန်များအနေဖြင့် အဆိုပါ ဆိပ်ကမ်းကို အသုံးပြုပြီး အီရန်ထံမှလက်နက်များ ကို တင်သွင်းနေမှုကို တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အဆိုပါတိုက်ခိုက်မှုသည် အီရန်ကျောထောက်နောက်ခံပြု သူပုန်များကို ဘဏ္ဍာရေး (ငွေကြေး)ဆိုင်ရာ ကြီးမားစွာထိခိုက်မှုများကိုဖြစ်စေသည်ဟုဆိုသည်။

ဟူသီထိန်းချုပ်ထားသည့် မြို့တော်ရှိ ဆိပ်ကမ်းသည် အီရန်ထံမှ လက်နက်များအကြိမ်ကြိမ် တင်သွင်းလာစဥ် အသုံးပြုခဲ့သော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း ထို့ကြောင့် အစ္စရေးက ထိုနေရာအား တရားဝင် စစ်ရေးပစ်မှတ်အဖြစ် ရှုမြင်ကြောင်းအစ္စရေးစစ်တပ်၏ အဆိုအရ သိရသည်။

အစ္စရေးတို့က အဆိုပါဆိပ်ကမ်းအား လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လောင်စာဆီ သိုလှောင်ရုံများ၊ စွမ်းအင်ဆိုင်ရာနေရာများနှင့် ဆိပ်ကမ်းရှိ စက်ရုံများမှ ကြီးမားသော မီးတောက်များနှင့် မီးခိုးများ ထွက်ပေါ်လာသည်ကို ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များတွင် တွေ့ရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အမေရိကန်စစ်တပ်က ပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊အစ္စရေး တစ်ဦးတည်းက ကသာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်အရာရှိတစ်ဦးက ရှင်းလင်း ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ၊ F-15 တိုက်လေယာဉ်များ၊ ကင်းထောက်လေယာဉ်များနှင့် ဆီဖြည့်လေယာဉ်များ အပါအဝင် အနည်းဆုံး IAF မှ လေယာဉ် တစ်ဒါဇင်ခန့် ပါဝင်ခဲ့ကြောင်း ၊ တောင်ဘက်အကျဆုံး Eilat မြို့၊ ကမ်းခြေခရီးသွားများ က ရိုက်ကူး ထားသည့် ဗီဒီယိုဖိုင်များအရ အစ္စရေးလေယာဉ်များ သည် ယီမင်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

အစ္စရေးက တိုက်ခိုက်ခဲ့သည့် ပစ်မှတ်ဖြစ်သည့်ဆိပ်ကမ်းသည်သည် အစ္စရေးမှ ကီလိုမီတာ ၁၈၀၀ (၁၁၀၀မိုင်) အကွာအဝေး တွင် ရှိသည်။

"ဒါဟာ အစ္စရေးလေတပ်ရဲ့ အဝေးဆုံးနဲ့ အကြာဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပါတယ် ” ဟု IDF ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Daniel Hagari က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant သည် Hodeida ဆိပ်ကမ်းအား တိုက်ခိုက်ခဲ့မှုကို အတည်ပြုခဲ့ပြီး စနေနေ့(ဇူလိုင်၂၀ရက်)နံနက်တွင် စစ်ဘက်ဆိုင်ရာအကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း Times of Israel ကသတင်းဖော်ပြချက်အရသိရသည်။ Source/Times of Israel and Photo by NPR

ပုံစာ- ယီမင်နိုင်ငံ Hodeidah ဆိပ်ကမ်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု အပြီး တွေ့မြင်ရသည့် မြင်ကွင်းတစ်ခု)

ဆက်စပ် သတင်းများ