အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ယီမင် ရှိ ကုလသမဂ္ဂရုံး စီးနင်းခံခဲ့ရမှု၊ ကုလ လူ့အခွင့်အရေး အကြီးအကဲက ပြင်းထန်စွာ ရှုတ်ချ၊ ကုလသမဂ္ဂ ဝန်ထမ်းအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 612

ဂျွန်နသန်၊ နိရဥ္စရာ၊ သြဂုတ် ၁၄/၂၀၂၄

မကြာသေးမီက ယီမင်နိုင်ငံ၊  Sana'a ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးချုပ်ကိုAnsar Allah အာဏာပိုင်များက  ဝင်ရောက်စီးနင်းခဲ့မှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံအတွင်းဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ကုလသမဂ္ဂ ဝန်ထမ်းအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက တောင်းဆိုခဲ့သည်။

ဟူသီ ဟုသိထားကြသည့် Ansar Allah အဖွဲ့  သည် ယီမင်နိုင်ငံမြို့တော်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသို့ ၄င်း ၏ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို သြဂုတ်လ (၃)ရက်က စေလွှတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ ရုံးဝန်ထမ်းများကိုဖိအားပေးကာ စာရွက်စာတမ်းများ၊ ပရိဘောဂများနှင့် မော်တော်ယာဉ်များအပြင် ရုံးသော့များကိုပါ လွှဲပြောင်းရယူခဲ့သည်။

Ansar Allah တပ်ဖွဲ့ဝင်များအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေး ရုံး၏ဥပစာအတွင်းမှ အမြတ်ဆုံးထွက်ခွာပြီး၊ ပိုင်ဆိုင်မှုများနှင့် ပစ္စည်းအားလုံးကို ချက်ချင်းပြန်လည်ပေးအပ်ရမည်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောကြားခဲ့သည်။

ကုလသမဂ္ဂရုံးအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ စာရွက်စာတမ်းများနှင့် ပစ္စည်းများကို အင်အားသုံး သိမ်းဆည်းခြင်းတို့သည် (ကုလသမဂ္ဂ)အဖွဲ့အစည်း၏ အခွင့်ထူးခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် လုံး၀ ကိုက်ညီခြင်းမရှိကြောင်း ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။

ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော ဟူသီ နှင့် ယီမင်အစိုးရတပ်ဖွဲ့များသည် ဆယ်စုနှစ်တစ်ခုနီးပါး တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။  ဂါဇာတွင် စစ်ပွဲစတင်ပြီးနောက်တွင် ဟူသီသူပုန်များသည် ပင်လယ်နီရှိ စီးပွားရေးသင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဇွန်လအစောပိုင်းတွင် ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) နှင့် လုပ်ဆောင်နေသော လူ ၆၀ ကျော်ကိုလည်း ဟူသီအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ဖမ်းဆီးခံရသူများတွင် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ ဝန်ထမ်းခြောက်ဦးအပါအ၀င် ကုလသမဂ္ဂ ဝန်ထမ်း ၁၃ ဦး ၊ NGO ဝန်ထမ်း ၅၀ ကျော်နှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။   အခြား ကုလသမဂ္ဂ လူ့အခွင့်အရေး ဝန်ထမ်းနှစ်ဦးသည်လည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

မဟာမင်းကြီးနှင့် အခြားကုလသမဂ္ဂ ထိပ်တန်းအရာရှိများက ၎င်းတို့အား ပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ထို တောင်းဆိုချက်များကို ဟူသီများက လိုက်နာမှုမရှိဘဲ မကြားချင်ဟန်ဆောင်နေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သူတို့ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ လေးနက်စွာ ထပ်ပြီး မေတ္တာရပ်ခံပါတယ်၊ သူတို့ ချစ်ခင်ရသူတွေနဲ့ အမြန်ဆုံး ဆုံစည်းနိုင် ဖို့ ကျနော်တို့ တတ်နိုင်သလောက် လုပ်နေပါတယ်"ဟု ၄င်း က ပြောကြားခဲ့သည်။

မဟာမင်းကြီးသည်  လုံခြုံရေးအခြေအနေအရ  Ansar Allah ၏ထိန်းချုပ်မှုအောက်ရှိ နေရာများတွင် ၄င်း၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

Source/UN News

ဆက်စပ် သတင်းများ