အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့် (၂၂)ရက် အတွင်း အနည်းဆုံး လူ (၆၅၀)သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 692

(အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂမှ အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့တစ်ဖွဲ့ကို ဘင်္ဂလားဒေ့ရှ်သို့စေလွှတ်မည်)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၇/၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့် (၂၂)ရက် အတွင်း အနည်းဆုံး လူ (၆၅၀) သေဆုံးခဲ့ရကြောင်း၊ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂမှ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့တစ်ဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့စေလွှတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂမှ အစီရင်ခံစာ ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အလုပ်ခွဲတမ်း ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများကြောင့်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ပဏာမ အစီရင်ခံစာကိုUNHCR က သြဂုတ်လ(၁၆)ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု BDNews24 ကသတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် တွင် ဇူလိုင် (၁၆) ရက်မှ  သြဂုတ်( ၄) ရက်အတွင်း သေဆုံးသူ (၄၀၀) နီးပါးရှိခဲ့သည်။ သြဂုတ် (၅) ရက်မှ သြဂုတ် (၆) ရက်အထိ သေဆုံးသူ (၂၅၀) ခန့် ရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများကရေးသားဖော်ပြသည့်သတင်းအချက်အလက်များ နှင့် တက်ကြွလှုပ်ရှားသူ များက ပေးပို့သည့် အချက်အလက်များ အရ သိရသည်ဟုအစီရင်ခံစာတွင်ဖော်ပြထားသည်။

အလုပ်ခွဲတမ်း ပြုပြင်ပြောင်းလဲရေးဆန္ဒပြလှုပ်ရှားမှု ၊သုံးပတ်ကြာကာလအတွင်း လူရာနှင့်ချီ ပြီးသေဆုံးခဲ့ရကြောင်း၊ ယင်း နောက်ပိုင်းတွင် အဆိုပါဆန္ဒပြ လှုပ်ရှားမှုသည် အစိုးရကို ဖြုတ်ချရန် အတွက် ကျောင်းသား-လူထု အုံကြွမှုအဖြစ် ဆီသို့ ပြောင်းလဲသွားခဲ့သည်။

“သေဆုံးခဲ့ရသူတွေထဲမှာ ဆန္ဒပြသူတွေ၊ ရပ်ကြည့်သူတွေ၊ အဖြစ်အပျက်တွေကို သတင်းယူနေတဲ့ သတင်းထောက်သမားတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ၊ အနီးအနားမှာရှိနေကြတဲ့ ပြည်သူတွေ ဟာ ဒဏ်ရာတွေ ရခဲ့ကြပြီး ဆေးရုံတွေမှာ လူနာတွေ နဲ့ပြည့်လျှံနေခဲ့ပါ တယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ဆန္ဒပြပွဲများအတွင်းလုံခြုံရေး တပ်ဖွဲ့ဝင်များ က အကြမ်းဖက် ဖြိုခွင်းရာတွင် ကျည်ဆန်အစစ်များအသုံးပြုကာ ဥပဒေမဲ့ အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် အသေအပျောက်များ ခဲ့ရခြင်း ဖြစ်သည်။

အနည်းဆုံး သတင်းထောက်လေးဦးနှင့် ကလေး ၃၂ ဦး အပါအဝင် ဆန္ဒပြသူများနှင့် အနီးနားရှိ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ထိန်းသိမ်းခံခဲ့ရသည်။

ဆန္ဒပြပွဲများအတွင်း Rangpur ရှိ Begum Rokeya တက္ကသိုလ်ရှေ့တွင် ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေဆုံးခဲ့ရသည့် Abu Sayeed ၏သေဆုံးခဲ့ရမှုဖြစ်ရပ်ကိုလည်း ကုလသမဂ္ဂက မီးမောင်းထိုးပြခဲ့သည်။

“ညမထွက်ရအမိန့်နဲ့ အင်တာနက် တွေကိုပိတ်ပင်ထားမှုတွေ ၊ အသွားအလာ ၊ ကန့်သတ် ထားမှုတွေကြောင့် မြေပြင် သတင်းအချက်အလက်စုဆောင်းဖို့အတွက် အဟန့်အတားတွေ ဖြစ် စေပါတယ်။ အစီရင်ခံထားတဲ့ သေဆုံးသူအရေအတွက်ဟာ အမှန်တကယ် သေဆုံးရသူ အရေအတွက်ထက် လျော့နည်း နိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ပြည်နယ် အာဏာပိုင်တွေက မဖော်ပြဖို့ ဆေးရုံတွေကို တားမြစ်ထားတယ်လို့လည်း သတင်းရရှိထားပါတယ်”ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

အစောပိုင်းကာလ ဆန္ဒပြမှုများအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် ဖယ်ရှားခံလိုက်ရသည့် အဝါမီလိဂ်အစိုးရအား ကုလသမဂ္ဂမှ ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

ကုလသမဂ္ဂမှ ကမ်းလှမ်းခဲ့သော်လည်း အဝါမီလိဂ်အစိုးရအစိုးရသည် နိုင်ငံတကာ အဖွဲ့အစည်း အား လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် ခွင့်ပြုခဲ့ခြင်းမရှိခဲ့ပေ။

သို့ရာတွင် အိမ်စောင့်အစိုးရဖွဲ့စည်းလိုက်ပြီးနောက်တွင် UNHCR သည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့တစ်ဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့သည် လာမည့်သီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့ တော် ဒါကာသို့သွားရောက်ရန် စီစဉ်ထားပြီး ၄င်း အဖွဲ့ မရောက်ရှိမီ အတွင်း ပဏာမအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Source/BDNews24

 

ဆက်စပ် သတင်းများ