အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမေရိကန်က အစ္စရေးကို ဒေါ်လာ ဘီလီယံ (၂၀)တန် လက်နက်များ ရောင်းချရန် အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 604

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၈/၂၀၂၄

အမေရိကန်က အစ္စရေးကို ဒေါ်လာ ဘီလီယံ (၂၀) တန် လက်နက်များ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

အစ္စရေးသို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀( သန်းပေါင်းနှစ်သောင်း) တန်ဖိုးရှိ၊ တိုက်လေယာဉ်များနှင့် အခြားစစ်လက်နက်ပစ္စည်းများ ရောင်းချရန်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်(၁၃)ရက်က အတည်ပြုခဲ့ ကြောင်းပင်တဂွန်စစ်ဌာနချုပ်မှ ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် သည် ဒေါ်လာ (၁၉)ဘီလီယံနီးပါးတန်ဖိုးရှိ F-15 ဂျက်တိုက်လေယာဉ်များနှင့်စက်ပစ္စည်းကိရိယာများ၊ဒေါ်လာ (၇၇၄)သန်းတန်ဖိုးရှိ တင့်ကားကျည်များ၊ ဒေါ်လာ သန်း (၆၀)ကျော်တန်ဖိုးရှိပေါက်ကွဲစေတတ်သော မော်တာကျည်ဆန်များနှင့် ဒေါ်လာ (၅၈၃)သန်းဖိုးစစ်သုံးယာဉ်များ ကို အစ္စရေးသို့ရောင်းချရန်အတည်ပြုခဲ့ကြောင်း ပင်တဂွန်က သတင်းထုတ်ပြန်ခဲ့သည်။

Boeing Co (BA.N) သည် F-15 ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်မှုအတွက် နှစ်များစွာ ကြာ အချိန်ယူရဦးမည်ဟုမျှော်မှန်းထားပြီး၂၀၂၉ ခုနှစ်တွင် စတင် ပေးပို့နိုင်မည် ဟု မျှော်လင့်ရသည်။

အခြားစက်ပစ္စည်းများကို ၂၀၂၆ ခုနှစ်တွင် စတင်ပေးပို့မည်ဖြစ်ကြောင်း ပင်တဂွန်၏ ထုတ်ပြန်ချက်အရ သိရသည်။

အချို့သောပစ္စည်းများကိုမူ ၂၀၂၆ ခုနှစ် ထက်ပင်စော၍ပို့ဆောင်မှုပေးနိုင်ကြောင်း လုပ်ငန်းစဉ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးရဲ့လုံခြုံရေးအတွက် ကတိက၀တ်ပြုထားပါတယ် ၊တောင့်တင်း ခိုင်မာပြီး၊ အသင့်အနေအထားရှိတဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ထိန်းသိမ်း ထားနိုင်ဖို့ အတွက်အစ္စရေးကို ကူညီပေးဖို့ဟာ အမေရိကန် ရဲ့ အမျိုးသားအကျိုးစီးပွား အတွက် အလွန်အရေးကြီးပါတယ်" ဟု ပင်တဂွန်က ပြောကြားခဲ့သည်။

အမေရိကန်က အစ္စရေး၏လုံခြုံရေးအတွက် သူ့တို့၏ကတိဝတ်များကို ထိန်းသိမ်းသည့်အနေဖြင့် အစ္စရေးကို ကူညီပေးခဲ့သည့် အမေရိကန်တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း  အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားခဲ့သည်။

အစ္စရေး၏ အကြီးမားဆုံးမဟာမိတ်နှင့် လက်နက်ရောင်းချသည့်နိုင်ငံဖြစ်သည့် အမေရိကန်သည် လွန်ခဲ့သည့်အောက်တိုဘာလ၊ ဂါဇာစစ်ပွဲစတင်ကတည်းက အစ္စရေးကို ဖျက်စွမ်းအားမြင့်သည့် ပေါင် ၂,၀၀၀ အလေးချိန်ရှိ၊ ဗုံးအလုံးပေါင်း ၁၀,၀၀၀ ကျော်နှင့် ထောင်နှင့်ချီသော ဒုံးကျည်များကို ပေးပို့ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက Reuters သို့ ဇွန်လအတွင်းကပြောကြားခဲ့သည်။

စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ကို ပျက်စီးစေခဲ့ပြီး အရပ်သားအမြောက်အများ သေဆုံးခဲ့ရသည်။

ပိုမိုကျယ်ပြန့်လာသည့် အရှေ့အလယ်ပိုင်းစစ်ပွဲကို ရှောင်ရှားနိုင်ရန် မျှော်လင့်ချက်ဖြင့် ဝါရှင်တန်သည် အပစ်အခတ်ရပ်စဲရေး အတွက် အခြားသော ဒေသတွင်းနိုင်ငံများမှစေ့စပ်သူများနှင့် ကြိုးပမ်းခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်က အဆင့်၃ဆင့်ပါ၀င်သည့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မေလ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

သို့သော် အပစ်အခတ်ရပ်စဲရေးအတွက် ၄င်း၏ ကြိုးပမ်းမှုများသည် ယခုအချိန်အထိ အောင်မြင်မှု မရရှသေးပေ။

ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်သည် ယမန်နှစ်၊ အောက်တိုဘာ (၇)ရက်က အစ္စရေးကို စတင် တိုက်ခိုက်ခဲ့ရာ လူ (၁၂၀၀)သေဆုံးခဲ့ရပြီး ဓားစာခံ (၂၅၀)ခန့်ကို ဖမ်းဆီးသွားခဲ့ချိန်မှ စတင်ပြီး ဆယ်စုနှစ်များစွာကြာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သွေးထွက်သံယိုမှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးတို့ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဟားမတ်စ် အုပ်ချုပ်သော နယ်မြေများကို အစ္စရေးတို့က အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း (၄၀,၀၀၀) နီးပါး သေဆုံးရခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ လူဦးရေ (၂.၃)သန်းနီးပါးသည်လည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းကို ဖြစ်ပေါ်စေပြီး အစ္စရေးတို့က ငြင်းဆိုထားသည့် ကမ္ဘာ့ တရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ယခုကဲ့သို့ အမေရိကန်ကန်က အစ္စရေးအား စစ်ရေးပံ့ပိုးမှုပြုလုပ်ခဲ့မှုအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ၏ ဝေဖန်မှုများ တိုးမြင့်လာပြီးပိုမိုကျယ်ပြန့်လာသော အရှေ့အလယ်ပိုင်း စစ်ပွဲတွင် အစ္စရေး ပါဝင်လာမည်ကို စိုးရိမ်ပူပန်မှုများလည်းမြင့်တက်လာ စေခဲ့ သည်။ Source/Reuters

ဆက်စပ် သတင်းများ