အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်ယူနွတ်စ်က ၄င်း၏ ပထမဆုံး မူဝါဒမိန့်ခွန်းတွင် မြန်မာနိုင်ငံက ရောက်ရှိနေသည့် ဒုက္ခသည်အရေး ဘာတွေပြောလိုက်သလဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၉/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းခိုလှုံနေကြသည့် ရိုဟင်ဂျာများကို ဆက်လက်ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်ယူနွတ်စ်က ၄င်း၏ပထမဆုံး မူဝါဒမိန့်ခွန်းတွင် ကတိပြု ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားကဖော်ပြချက်အရသိရသည်။

ဘင်္ဂလားဒေ့ရှ်၏ ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူနွတ်စ်သည် ၎င်း၏ ပထမဆုံး ပြောကြားခဲ့သည့် အစိုးရ၏မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် ထိုသို့ ကူညီသွားရန် ကတိပြုခဲ့ခြင်းဖြစ်သည်။

၎င်း၏ကြားဖြတ် အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ဒုက္ခသည် တစ်သန်းခန့်ကို ဆက်လက် ပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း မိုဟာမက်ယူနွတ်စ်က သြဂုတ်(၁၈)ရက်တွင် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှကိုယ်စားလှယ်များရှေ့မှောက်တွင် အထက်ပါ အတိုင်းကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

"ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။ဒါ့အပြင် သူတို့(ရိုဟင်ဂျာ)ရဲ့ မွေးရပ်မြေ၊ မြန်မာနိုင်ငံဆီ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာနဲ့ (လူ့)အခွင့်အရေး အပြည့်အ၀နဲ့ နေရပ်ပြန်နိုင်ရေးတို့ လည်း လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ရိုဟင်ဂျာ တစ်သန်းခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့ထဲမှ အများစုသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း၊ မြန်မာစစ်တပ်၏ အကြမ်းဖက်နှိမ်နင်းခဲ့မှုများကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း ထွက်ပြေး တိမ်းရှောင်လာကြသူများဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့်  ရက္ခိုင့်တပ်တော် (AA) တို့ကြားပဋိပက္ခများ ပြင်းထန်နေချိန်တွင် စစ်ပွဲကြောင့်ရရှိခဲ့သည့် ဒဏ်ရာများဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နောက်ထပ် ရိုဟင်ဂျာများ ယခုလအစောပိုင်းကထပ်မံရောက်ရှိလာကြောင်း MSF ဟုခေါ်သည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က ပြောဆိုခဲ့သည်။

ဒဏ်ရာရသူများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း MSF ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။

Al Jazeera သတင်းဌာနမှ “Bangladesh’ Yunus promises support to Rohingya in first policy speech” ကို မူရင်းသတင်းပါ အချက်အလက်အတိုင်းဘာသာပြန်ထားခြင်းဖြစ်ပါသည်။ Photo by YouTube.

ဆက်စပ် သတင်းများ