အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အိန္ဒိယတွင် ဆေးဝါးစက်ရုံပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၁၇)ဦး သေဆုံးခဲ့ပြီး၊ လူ (၄၀)ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 525

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၂/၂၀၂၄

အိန္ဒိယတွင် ဆေးဝါးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၁၇)ဦး သေဆုံးခဲ့ပြီး၊ လူ (၄၀)ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ၊ အန်ဒရာပရာဒေ့ရှ် ပြည်နယ်၊ Anakapalli ရှိ ဆေးဝါးစက်ရုံတစ်ရုံတွင် သြဂုတ်လ(၂၁)ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ၊ အနည်းဆုံး လူ (၁၇)ဦး သေဆုံးခဲ့ပြီးလူ (၄၀)ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆေးဝါးစက်ရုံရှိဓာတုဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုသည်အင်အား အလွန်ပြင်းထန်သဖြင့် အလုပ်သမားများသည် အရေပြား မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ခံစားခဲ့ရကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများသည်လည်း တစ်စစီဖြစ်သွားကာ အခင်းဖြစ်ပွားရာ နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်ဟုရဲတပ်ဖွဲ့ကသြဂုတ်လ(၂၂)ရက်ကပြောဆိုခဲ့သည်။

"ပေါက်ကွဲမှု ဒဏ်သင့်ခဲ့ရတဲ့ အလုပ်သမားတွေဟာ ကြောက်မက်ဖွယ်ရာ မီးလောင်တဲ့ ဒဏ်ရာတွေ ခံစားခဲ့ရပါတယ်။ဒါဟာ အင်မတန်မှ ကြောက်စရာကောင်းတယ်၊ ကြေကွဲစရာလည်းကောင်း ပါတယ်၊ သူတို့ဟာ သတိမလစ်ခင် အထိ အော်ဟစ်နေခဲ့ကြတယ်"ဟု ဒေသခံရဲအရာရှိ M Buchaiah က Indian Express သတင်းစာကို ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ပြည်နယ်အစိုးရကအမိန့်ထုတ်ပြန်ထားပြီး၊ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒါမိုဒီက လည်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသည်။

"Anakapalli ရှိ စက်ရုံတစ်ခုတွင် မတော်တဆမှု ကြောင့် အသက် ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း " ဝန်ကြီးချုပ် မိုဒီ က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

သေဆုံးသူများနှင့် ၎င်းတို့၏ မိသားစုများထံ ငွေကြေးများ ပံ့ပိုးကူညီ ပေးအပ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါဆေးဝါးစက်ရုံသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ၊ အန်ဒရာပရာဒေ့ရှ် ပြည်နယ်၏မြို့တော်ဖြစ်သည့် Amaravati ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာ Anakapalli ရှိ ခရိုင်ရှိ Escientia ကုမ္ပဏီတွင် သြဂုတ်လ(၂၁)ရက် က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်း ဆေးဝါးကုမ္ပဏီတွင် အလုပ်သမား ၃၈၀ ခန့်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး ၊ မီးလောင်မှုဖြစ်ပွားချိန်တွင် အများအပြားမှာ ကံကောင်း ထောက်မစွာဖြင့် လွတ်မြောက်ခဲ့ကြသည်။

ဓာတုဓာတ်ပေါင်းဖိုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရခြင်းနှင့်ပတ်သက်ပြီး၊ တာဝန်ရှိသူများက CCTV မှတ်တမ်းများကို စစ်ဆေးလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားရခြင်းသည် လူ၏မှားယွင်းမှုကြောင့် ဖြစ်ပွားရခြင်း ရှိ၊ မရှိ ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။

ပေါက်ကွဲမှုဖြစ်ရခြင်းသည် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်ကြောင်း၊ ယိုစိမ့်လာသည့် ဂတ်စ် များသည် နောက်ဆုံးတွင် လျှပ်စစ်အကန့်ကို ထိမှန်သွားခဲ့ခြင်းကြောင့်ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ယုံကြည်လက်ခံထားကြောင်း ခရိုင်ရဲမှူး M. Deepika က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ဆေးဝါးထုတ်လုပ်ရာတွင် ကမ္ဘာပေါ်တွင် အချက်အချာကျသော်လည်း ပိုင်ရှင်များသည် စည်းကမ်းများ၊ ဘေးကင်းရေး စံနှုန်းများကို လိုက်နာမှုမရှိကြသည့်အတွက်ကြောင့် စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်စဥ်များအဖြစ်များလျက်ရှိကြောင်းသိရ သည်။ Source/Dhaka Tribute

ဆက်စပ် သတင်းများ