သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဆူဒန်တွင် ဆည်ပြိုကျမှုကြောင့် လူ (၆၀)ကျော် သေဆုံးပြီးရာနှင့်ချီပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 281

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၂၈/ ၂၀၂၄ (နိုင်ငံတကာ)

ဆူဒန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင်၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ (၆၀) ကျော် သေဆုံးခဲ့ပြီး၊ရာနှင့်ချီ ပျောက်ဆုံးနေကြောင်းဒေသခံမီဒီယာကဖော်ပြချက်အရသိရသည်ဟု အယ်လ်ဂျာဇီးယားသတင်းက ဖော်ပြသည်။

ဆူဒန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင်၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်(၂၄)ရက်ကညပိုင်းက ၊ ပယ်လယ်နီပြည်နယ်၏မြို့တော် ပို့တ်ဆူဒန် ရှိ အာဘတ် ဆည်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်များ ပြိုကျခဲ့ပြီး၊ လူသေဆုံးမှုများရှိခဲ့ကြောင်းဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှသြဂုတ်(၂၅)ရက်တွင် ထုတ်ပြန်ခဲ့သည့် ကနဦးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆည်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေသည် အနည်းဆုံး လူ (၆၀)အထိ တိုးလာကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများကို ကိုးကား၍ al-Taghyeer နှင့် Medameek အပါအဝင် ဒေသတွင်းရှိ သတင်းမီဒီယာများက သတင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ၏ ပြောဆိုချက်အရ ရွာပေါင်း (၂၀) ပျက်စီးခဲ့ရပြီး အိမ်ခြေ (၅၀,၀၀၀) ထိခိုက် ပျက်စီး သွားရကြောင်း ၊ လူအများအပြားလည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် မော်တော်ယာဥ်များအတွင်း လူများ စွာပိတ်မိနေကြောင်း ဒေသခံတစ်ဦးဖြစ်သူ Ali Issa က အယ်လ်ဂျာဇီးယား သို့ သတင်းပေးခဲ့သည်။ “မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို တင်ဆောင်လာတဲ့ ကုန်တင်ကား ခုနစ်စီးရှိတယ် ၊ ရေလွှမ်းမိုးမှုကြောင့် သူတို့က ားထဲမှာပိတ်မိနေကြတယ် ” ဟု ၎င်းက ပြောဆိုသည်။


အယ်လ်ဂျာဇီးယား မှ Hiba Morgan က အာဘတ်ဆည်သည် ဆူဒန်၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်လာသည့် ပင်လယ်နီမြို့၊ ပို့တ်ဆူဒန် မြို့တို့ အတွက် အဓိက ရေပေးဝေနေသည့် ဆည် ဖြစ်ကြောင်း၊ ဆည်ပြိုကျမှုကြောင့် ပို့တ်ဆူဒန်နှင့် အနီးတစ်ဝိုက်တွင် သောက်သုံးရေ ဆိုးရွားစွာ ပြတ်တောက်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် စနေနေ့ညတွင် ဆည်ကျိုးပေါက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသော်လည်း မိုဘိုင်းကွန်ရက်ပြတ်တောက် နေ မှုကြောင့်အယ်လ်ဂျာဇီးယား အနေဖြင့် အသေးစိတ်အချက်အလက်များကို စုဆောင်းရခက်နေသည်ဟုဆိုသည်။

ပို့တ်ဆူဒန်၏ မြောက်ဘက် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာရှိ အာဘတ်ဆည် သည် ဆူဒန်နိုင်ငံတွင် ရေလွှမ်းမိုးမှုများမဖြစ်ပွားအောင် ထိန်းညှိပေးနေသည့် ဆည်စနစ်၏ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ပြီး နိုင်းမြစ်၏ အထက်ပိုင်းမြစ်လက်တက်နှစ်ခု ဆုံသည့်နေရာတွင်တည်ရှိသည်။

ဆူဒန်နိုင်ငံတွင် ဇွန်လကုန်မှစ၍မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးရသူဦးရေသည် (၁၃၂)ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် (၂၆)ရက်တွင် ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ပြည်နယ် (၁၆) ခုတွင် ခန့်မှန်းခြေ လူပေါင်း ၃၁၇,၀၀၀ (မိသားစုပေါင်း ၅၆,၄၅၀ စု ) ကို ထိခိုက်ခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဆိုသည်။

အထိခိုက်ဆုံးပြည်နယ်များတွင် မြောက်ဒါဖာ၊ နိုင်းမြစ်နှင့် အနောက်ဒါဖာတို့ ပါဝင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုများ သည် စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ပိုမို တိုးပွား လာ စေပြီး၊စားနပ်ရိက္ခာ  အကျပ်အတည်းနှင့် အတူ ဆူဒန်သည် ရေပေးဝေမှုကို ညစ်ညမ်းစေသည့် ရေလွှမ်းမိုးမှုများကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွားမှုကိုလည်း ရင်ဆိုင်နေရသည်ဟု UNOCHA ကဆိုသည်။ Source/Algazeera

ဆက်စပ် သတင်းများ