အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

"လက်ယာအစွန်းရောက်တွေအနိုင်ရသွားခဲ့လို့ တစ်နိုင်ငံလုံးကို ဂယက်ထသွားစေတဲ့ ဂျာမနီရွေးကောက်ပွဲ"


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 364

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃/ ၂၀၂၄ (နိုင်ငံတကာ)

ဂျာမနီတွင်လက်ယာအစွန်းရောက်ပါတီဖြစ်သည့် Alternative for Germany (AfD)  ပါတီသည် ပြည်နယ်ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ရာ၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်နယ် ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ လက်ယာစွန်းပါတီက ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဂျာမနီ၊အရှေ့ပိုင်းပြည်နယ်နှစ်ခုဖြစ်သည့် Thuringia နှင့် Saxony တို့တွင် စက်တင်ဘာ(၁)ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ် ရွေးကောက်ပွဲတွင် ဂျာမနီ၏ အဓိပတိဖြစ်သူ အိုလက်ဖ် ရှို့လ်စ်၏ ဗဟို- လက်ဝဲ ညွန့်ပေါင်းအဖွဲ့မှ ပါတီ သုံးပါတီစလုံးရှုံးနိမ့်ခဲ့ပြီး လက်ယာအစွန်းရောက်၊ အမျိုးသားရေးဝါဒီ Alternative for Germany (AfD) ပါတီ က စံချိန်တင်အနိုင် ရရှိခဲ့သည်။

ဂျာမန်အဓိပတိ အိုလက်ဖ် ရှို့လ်စ် က ပြည်နယ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့သည့် လက်ယာ အစွန်းရောက် (AfD)ပါတီ ကို သပိတ်မှောက်ကြရန်တိုက်တွန်း ပြောဆိုလိုက်သည်။

အိုလက်ဖ် ရှို့လ်စ် က ရွေးကောက်ပွဲ ရလဒ်ကို “ခါးသီးခြင်း” နှင့် “စိုးရိမ်ပူပန်ခြင်း” ဟု ကင်ပွန်းတပ် ခေါ်ဆိုသုံးနှုန်း လိုက်သည်။

“ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒါကို လက်မခံသင့်ပါဘူး။ AfD က ဂျာမနီကို ထိခိုက်စေပါ တယ်။ ဒါဟာ စီးပွားရေးကို အင်အားချည့်နဲ့စေပြီး လူ့အဖွဲ့အစည်းကို ခွဲခြားစေပြီး နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်”ဟု ၄င်းကဆက်လက်ပြောဆိုသည်။

ဂျာမနီ အရှေ့ပိုင်းပြည်နယ် Saxony နှင့် Thüringen ပြည်နယ်ရွေးကောက်ပွဲများတွင်မှာ လက်ယာယိမ်း AfD ပါတီ အတော်လေးအားကောင်းလာပြီး အပြတ်အသတ်အနိုင်ရခဲ့ခြင်းသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဂျာမနီတွင် အမျိုးသားရေးဝါဒီ လက်ယာစွန်းပါတီ က တစ်ကျော့ပြန် ခေါင်းထောင် လာခြင်းလည်း ဖြစ်သည်။

AfD ပါတီ သည် Thuringia ပြည်နယ်ရွေးကောက်ပွဲများတွင် ပထမ နေရာကနေ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ Saxony ပြည်နယ် တွင် ဒုတိယနေရာရ ရှိခဲ့သည်။

သို့ရာတွင် ညွန့်ပေါင်းအစိုးရဖွဲ့ရန်အတွက်မူ ခက်ခဲမည်ဖြစ်သည်။



"လက်ယာအစွန်းရောက်တွေ  မပါဘဲ တည်ငြိမ်တဲ့အစိုးရဖွဲ့ဖို့ ဒီမိုကရက်တစ် ပါတီအားလုံးကို တောင်းဆိုထားပါတယ်၊ ရွေးကောက်ပွဲရဲ့ ရလဒ်ကတော့ “ခါးသီးလှပါတယ် ” ဟုအိုလက်ဖ် ရှို့လ်စ်က ရိုက်တာသတင်းကိုပြော ဆိုခဲ့သည်။

ဂျာမနီနိုင်ငံ၏ အဓိပတိ အိုလပ်ဖ်ရွိုင်းအိုလက်ဖ် ရှို့လ်စ်ကဂျာမနီအရှေ့ပိုင်းပြည်နယ်နှစ်ခုတွင် လက်ယာ အစွန်းရောက်များအောင်ပွဲရရှိမှုသည် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေး ပါတီ (AfD ကိုဆိုလိုသည်) မပါဘဲ မဟာမိတ်ဖွဲ့ကြရန် သြဂုတ်(၂)ရက်က အထက်ပါအတိုင်း လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ (၁)ရက်၊ တနင်္ဂနွေနေ့ က ရွေးကောက်ပွဲအပြီးတွင် အကြိုရလဒ်များအရ Thuringia ပြည်နယ် တွင် AfD က ဆန္ဒမဲ (၃၂.၈) ရာခိုင်နှုန်းဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်ကို တွေ့ရသည်။

ဂျာမနီတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်ယာအစွန်းရောက်ဝါဒီ ပါတီတစ်ခု က ပထမဆုံးသော ပြည်နယ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Thuringia ပြည်နယ်၏ အိမ်နီးချင်းပြည်နယ် Saxony တွင်လည်း AfD ပါတီ သည် ကွန်ဆာဗေးတစ် ခရစ်ယာန်ဒီမိုကရက်များ (CDU) ပါတီ ၏နောက်တွင်(၃၀.၆) ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာ တွင် ရပ်တည်ခဲ့သည်။

ရလဒ်များကို လာမည့်ရက်များအတွင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင်များက အတည်ပြုမည် ဖြစ်သည်။

AfD နှင့် မဟာမိတ်မဖွဲ့ရန်ဂျာမနီရှိ အခြားပါတီများအားလုံးက ဆုံးဖြတ်ထားကြသော်လည်း ပြည်နယ်ပါလီမန်နှစ်ခုစလုံးတွင် လက်ယာစွန်းဝါဒီ(AfD)က အရေအတွက်များလွန်းသည့် အင်အားသည် ညွန့်ပေါင်းဖွဲ့ရန်ရှုပ်ထွေးမှာများနှင့်ကြုံ တွေ့ စေလိမ့်မည်ဖြစ်သည်။

ယင်းသည်လာမည့်နှစ် ဖက်ဒရယ်ရွေးကောက်ပွဲများတွင် ပြဿနာများဖြစ်လာနိုင်မည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ Saxony နှင့် Thuringia ပြည်နယ်တို့တွင် သူမ၏ပါတီမရှိလျှင် “တည်ငြိမ်သောအင်အားစု မဖြစ်နိုင်”ဟု AfD ပါတီ၏ ပူးတွဲခေါင်းဆောင် မစ္စ အဲလ်စ်ဝိုင်ဒယ်လ် က တနင်္လာနေ့(သြဂုတ်၂ရက်) တွင် ပြောကြားခဲ့သည်။

"မဲဆန္ဒရှင်တွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူတို့က AfD ကိုအစိုးရအဖွဲ့မှာ ပါဝင်စေချင်ပါ တယ်” ဟု ၀ိုင်ဒယ်လ် က ဂျာမန်ရုပ်သံလိုင်း ZDF သို့ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအပြီးတွင် ရာနှင့်ချီသော လူများသည် Saxony နှင့် Thuringia ရှိ လမ်းမများပေါ်တွင် လက်ယာအစွန်းရောက်နှင့်ရွှေ့ပြောင်းအခြေချသူများကိုခွဲခြားမှုပြုလုပ်နေသည့် AfD ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

Thuringia၏ပြည်နယ်မြို့တော် Erfurt မှာရှိသည့် ပြည်နယ်ပါလီမန်ရှေ့တွင် ဆန္ဒပြသူ ၅၀၀ လောက် စုဝေး ဆန္ဒပြခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဘာလင်နှင့် ဟမ်းဘတ်မြို့များတွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ မြို့တော်ဘာလင်ရှိ AfD ခရိုင် ရုံးရှေ့တွင် “AfD ကို တားမြစ်ပါ၊ နာဇီပါတီကိုအခုပိတ်ပင်ပါ ” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူ ၃၅၀ ခန့် စုဝေး ဟစ်ကြွေး ခဲ့ကြသည်။

ဒရက်စဒန်မြို့တွင် လည်းလက်ယာယိမ်းပါတီများ ကြီးထွားလာမှုကို ဆန့်ကျင်သည့် ချီတက် ဆန္ဒပြမှုများဖြစ်ပွား ခဲ့ပြီး ဆန္ဒပြသူများသည် မီးရှူးမီးပန်းများ ပစ်ဖောက် ကာ ဆန္ဒပြခဲ့ကြသည်။

ယခုနှစ်၊ဇန်နဝါရီလအတွင်းကလည်းဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် လက်ယာအစွန်းရောက်ဝါဒ လက်ယာယိမ်းဂျာမနီပါတီ Alternative for Germany (AfD) ကို ဆန္ဒပြကြခဲ့ကြသေးသည်။

“အစွန်းရောက်ဝါဒနဲ့ လူမျိုးရေးခွဲခြားမှုဟာ ကျနော်တို့မြို့၊ ကျနော်တို့နိုင်ငံက လူအားလုံးရဲ့ ဆင်းရဲ မွဲတေမှုနဲ့အတူ ယှဉ်တွဲနေထိုင်မှု ပြိုလဲတာတွေကို အမြဲဖြစ်ပေါ်စေတယ် ” ဖရန့်ဖတ်မြို့တော်ဝန် မိုက်ခ် ဂျိုးဇက်ဖ်က ထိုအချိန်ကပြောဆိုခဲ့သေးသည်။

“တခုခုမှားနေပြီ ဆိုတာကို ဂျာမန် နိုင်ငံသူနိုင်ငံသားတွေအကြား အသိပညာပေးဖို့ လိုအပ်နေ ပါ တယ်” ဆန္ဒပြသာတစ်ဦးက  ပြောဆိုခဲ့သည်။ AfD အနေဖြင့် ပြည်နယ်တစ်ခုကို အုပ်ချုပ်ရန် အခွင့်အလမ်း နည်းနေသော်လည်း Thuringia တွင် ပါတီသည် ဒေသဆိုင်ရာ လွှတ်တော် အမတ်နေရာ သုံးပုံ တစ်ပုံကျော်ကို အနိုင်ရပြီးနောက် “လူနည်းစုကိုပိတ်ပင်တားဆီးခြင်း” အထူးအခွင့်အရေး ပေးရမည်ဖြစ်သည်။ AfD သည် Euroskeptic ပါတီအဖြစ် ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

"ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး "ဆိုသည့် AdDပါတီ၏ စကားလုံးများသည် ၂၀၁၅ခုတွင် ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းအခြေချအကျပ်အတည်းအပြီးတွင် ပါတီ၏ အဓိကမူဝါဒတစ်ရပ် ဖြစ်လာခဲ့သည်။

နောက်ပိုင်းနှစ်များတွင် AfD ကို ဒေသတွင်း ထောက်လှမ်းရေးအဖွဲ့ က “အစွန်းရောက်များ” ဟု သတ်မှတ်ထားသလို ဂျာမန် လုံခြုံရေး အာဏာပိုင်များကလည်း “လက်ယာအစွန်းရောက် သံသယရှိသူများ ”ဟုသတ်မှတ်ထားသည်။

ပါတီအား “အစွန်းရောက်ဟု သံသယရှိသူဟု သတ်မှတ်ခံရပြီးနောက် AfDသည် ဗဟိုအဆင့် စောင့်ကြည့်မှုအောက်တွင် ရှိနေသည့်အဆင့်အထိရောက်ရှိ သွားခဲ့ရသည်။ ကိုးကား/DW /The Washington Post/The Telegraph/Reuters

ဆက်စပ် သတင်းများ