အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကင်ညာတွင် ဘော်ဒါကျောင်း မီးလောင်၊ ကျောင်းသား (၁၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး(၁၃) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 348

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တက်ဘာ ၆/ ၂၀၂၄

ကင်ညာနိုင်ငံအလယ်ပိုင်း၊ Nyeri ခရိုင်ရှိ Hillside Endarasha မူလတန်းဘော်ဒါကျောင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား (၁၇)ဦး သေဆုံးပြီး (၁၃)ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ကင်ညာရဲတပ်ဖွဲ့က ပြောကြားသည်။

စက်တင်ဘာ(၅)ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို လတ်တလောမသိရှိရသေးကြောင်း၊ဒဏ်ရာရှိသူများကိုဆေးရုံများတွင် ဆေးဝါး ကုသမှု ပေးနေပြီး၊ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိသူများရှိနေ သည့်အတွက် သေဆုံးသူ အရေအတွက် သည်ယခုထက် ထပ်မံမြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့ကဆက်လက်ပြောကြား ခဲ့သည်။

သေဆုံးခဲ့ရသူများနှင့်ပတ်သက်သည့် အထောက်အထားနှင့်၄င်းတို့၏ အသက်များကို ချက်ချင်း လက်ငင်း မသိရသေး သော်လည်း အများစုမှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

အဆိုပါ မူလတန်းကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်ကြားရှိ ကျောင်းသား၊ကျောင်းသူ (၈၀၀)ခန့်ရှိသည်ဟုဆိုသည်။ မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း လိုအပ်သည့် အရေးယူမှုများကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Resila Onyango က ပြောကြားခဲ့သည်။

မီးလောင်မှုအတွက် တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ကြောင်း ကင်ညာ သမ္မတ ရူတိုက လည်း ပြောကြားခဲ့သည်။

“အခုလိုအင်မတန်မှ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ဆိုး ကို အသေအချာ စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်"ဟု သမ္မတရူတို က X လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။

သမ္မတရူတို၏လက်ထောက်ဖြစ်သူ Rigathi Gachagua က ဘော်ဒါကျောင်းများ အတွက် ပညာရေးဝန်ကြီးဌာနမှ အကြံပြုထားသော ဘေးကင်းရေးလမ်းညွှန်ချက်များကို တိကျ သေချာစွာလိုက်နာကြရန် ကျောင်းအုပ်ချုပ်သူများကို တိုက်တွန်းခဲ့သည်။

ယခုမီးလောင်ခဲ့သည့်မူလတန်းဘော်ဒါကျောင်းသည် မြို့တော် နိုင်ရိုဘီ၏ မြောက်ဘက် ၁၇၀ ကီလိုမီတာ (၁၀၆ မိုင်) အကွာတွင် တည်ရှိသည်။

ကင်ညာတွင် စာသင်ကျောင်းမီးလောင်မှုများတွင် အများစုမှာ ဘော်ဒါကျောင်း များတွင်အဖြစ်များသည်ကိုတွေ့ရသည်။

၂၀၁၆ ခုနှစ်တွင် ၊ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့နှင်ထိစပ်နေသည့် ကီဘီ ရာမြို့ရှိ မိန်းကလေး အထက်တန်းကျောင်းတွင် မီးလောင်မှုကြောင့် ကျောင်းသူ (၉)ဦး သေဆုံးခဲ့သည်။

နောက် တစ်နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် ကင်ညာမြို့တော်၊ နိုင်ရိုဘီရှိ အထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား (၁၀)ဦး သေဆုံးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် နိုင်ရိုဘီမြို့ပြင်ရှိ၊ Kyanguli အလယ်တန်းကျောင်း၊ အိပ်ဆောင် တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား (၅၈)ဦး သေဆုံးခဲ့ရသည်။ Source/Al Jazeera

ဆက်စပ် သတင်းများ