စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ယူကရိန်းက မော်စကိုအပါအဝင် နေရာအများအပြားကို ဒရုန်းအစီး (၁၄၀)ကျော်ဖြင့်တိုက်ခိုက်၊ လူ(၁)ဦး သေဆုံးခဲ့ပြီး(၁၂) ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 585

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၄

ယူကရိန်းက ရုရှားကို ဒရုန်းအစီး (၁၄၀)ကျော်ဖြင့် တိုက်ခိုက်ခဲ့ရာ မြို့တော် မော်စကို အနီးတွင် လူ(၁)ဦး သေဆုံးခဲ့ပြီး(၁၂) ဦး ဒဏ်ရာရခဲ့ကြောင်း (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း အယ်လ်ဂျာဇီးရားသတင်းဖော်ပြချက်အရ သိရသည်။

ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုဆီ ဖြတ်ကျော်၀င်ရောက် လာသည့်ဒရုန်း(၂၀)အပါအ၀င်ယူကရိန်းတို့၏ ဒရုန်းအစင်းပေါင်း (၁၄၄)စင်းကို ညတွင်းချင်း ပစ်ချနိုင်ခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောဆိုသည်။

မော်စကိုမြို့အနီးတွင် ပစ်ချခံလိုက်ရသည့် ယူကရိန်းတို့၏ဒရုန်းတစ်စင်းမှအပိုင်းအစ များသည် လူ နေထိုင်ရာအထပ်မြင့် တိုက်ခန်းကို ထိခိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ရုရှားနိုင်ငံရှိ ဒေသ ကိုးခုတွင် ယူကရိန်းတို့၏ ဒရုန်း (၁၄၄)စင်းကို ညတွင်းချင်းပစ်ချနိုင်ခဲ့ပြီး မော်စကို ဒေသတွင် ဒရုန်းအစင်း (၂၀)ကို ပစ်ချနိုင်ခဲ့ကြောင်း ပြောဆို သည်။

မော်စကိုဒေသ အုပ်ချုပ်ရေးမှူး Andrei Vorobyov က စက်တင်ဘာ(၁၀)ရက် တွင် ပစ်ချခံလိုက်သည့် ဒရုန်းအပိုင်း အစများ ထိမှန်မှုကြောင့် Ramenskoye ခရိုင်ရှိ အထပ်မြင့် တိုက်ခန်း နှစ်ခုထက်မနည်း ပျက်စီးခဲ့ရကြောင်း ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အထပ်မြင့်တိုက်ခန်း ၏ (၁၁)လွှာနှင့် (၁၂) လွှာတို့ တွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် အသက် (၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ လူ (၄၃) ဦးကိုလည်း ယာယီခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးထားရကြောင်း မော်စကိုအုပ်ချုပ်ရေးမှူးVorobyov က ထပ်လောင်း ပြောကြားခဲ့သည်။

ကရင်မလင် အရှေ့တောင်ဘက် ၅၀ ကီလိုမီတာ (၃၁မိုင်)ခန့် အကွာ Ramenskoye ခရိုင်တွင် လူဦးရေ ၂၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

အယ်လ်ဂျာဇီးရားမှ သတင်းထောက်Yulia Shapovalova က မော်စကိုမြို့မှ သတင်းပေးပို့ချက်အရ အဆိုပါတိုက်ခိုက်ခံရမှုအတွင်း လူ (၁၂) ဦး ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟုသိရသည်။

မော်စကို၏အကြီးဆုံးလေဆိပ်တစ်ခုဖြစ်သည့် Zhukovo လေဆိပ်အနီးနှင့် Domodedovo ခရိုင် ၀န်းကျင်ရှိ နေရာများ အပါအဝင် ဒေသအနှံ့ရှိ နေရာအများအပြားသို့ အရေးပေါ်အဖွဲ့များ စေလွှတ်ထားကြောင်း မြို့တော်ဝန် Sergei Sobyanin က ပြောကြားခဲ့သည်။

Vnukovo၊ Domodedovo နှင့် Zhukovo လေဆိပ်သုံးခုကို အာဏာပိုင်များက ယာယီ ပိတ်ထားခဲ့ရသည်။ မြို့ပြလေကြောင်းအာဏာပိုင် Rosaviatsia က လေယာဉ်ခရီးစဉ် (၄၈)ခုကို အခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်းပေး ခဲ့ ရသည်ဟု ပြောဆိုခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများက “ယူကရိန်း အစိုးရ” သည် ရုရှား၏ရန်သူဖြစ်ကြောင်း ပြသ ခဲ့ပြီး ရုရှားအနေဖြင့် ယူကရိန်းအား ဆက်လက်တိုက်ခိုက်သွားရန် လိုအပ်ကြောင်း ကရင်မလင်၏ ပြောရေး ဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

ယူကရိန်းနယ်စပ်နှင့် နီးကပ်နေသည့် Bryansk ဒေသတွင် ဒရုန်း (၇၂)စင်းကို ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

Kursk ဒေသ တွင် နောက်ထပ် ဒရုန်း (၁၄)စင်း၊ Tula တွင် (၁၃) စင်းနှင့် အခြားဒေသ (၅) ခုတွင် နောက်ထပ် ဒရုန်း (၂၅)စင်း ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

ရုရှားက ယူကရိန်းကိုကျူးကျော်မှု စတင်ပြီး နှစ်နှစ်ခွဲကျော်ကြာတွင် ယူကရိန်းသည် ရုရှား၏ စွမ်းအင်၊ စစ်ဘက်နှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို တိုက်ခိုက်နိုင်ရန် ၎င်း၏ပြည်တွင်းဒရုန်းထုတ်လုပ်သည့်လုပ်ငန်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ သည်။

ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ၎င်း၏နိုင်ငံသည် ယခုနှစ်အတွင်း လက်နက်ထုတ်လုပ်မှုကို နှစ်ဆတိုးလုပ်ဆောင်နိုင် ခဲ့ကြောင်း စက်တင်ဘာ(၁၀) ကပြောကြားခဲ့သည်။

ယူကရိန်းသည် ယခုနှစ်ကုန်တွင် ဒရုန်းအစင်းရေ တစ်သန်းကျော် တည်ဆောက်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း ယူကရိန်းသည် ၎င်း၏ မဟာမိတ်များထံမှ အကူအညီနှင့် လက်နက်များ ပိုမို ရရှိရန်လည်း ဆက်လက် စည်းရုံးလျက်ရှိသည်။ "စစ်ပွဲရဲ့ အကျိုးသက်ရောက်မှု၊ထိရောက်မှု ဟာ ထောက်ပံ့ပို့ဆောင်ရေး၊ အရည်အသွေးနဲ့မိတ်ဖက်များရဲ့ ကတိက၀တ်များ၊ အားလုံးပြီးပြည့်စုံတဲ့ အပေါ်မှာတည်မှီနေ ပါတယ်" ဟု ယူကရိန်းသမ္မတ ဇာလန်စကီး ကပြောကြားခဲ့သည်။ Source/Al Jazeera

ဆက်စပ် သတင်းများ