ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၄ (နိုင်ငံတကာ)
အမေရိကန်သမ္မတဘိုင်ဒန်၊ ဒုသမ္မတဟဲရစ်နှင့် သမ္မတဟောင်း ထရမ့် တို့သည်စက်တင်ဘာ (၁၁) ရက်ကပြုလုပ်သည့် ၂၀၀၁ ခုနှစ်၊ တိုက်ခိုက်မှု (၂၃)နှစ်ပြည့် (၉/၁၁) အောက်မေ့ဖွယ် အခမ်းအနား သို့ အတူတကွတက်ရောက် ခဲ့ကြသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ၊ ဒုသမ္မတ ကမ်မလာဟဲရစ်နှင့် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် တို့သည် စက်တင်ဘာ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့က နယူးယောက်စီးတီး တွင်ပြုလုပ်ခဲ့သည့် "၂၀၀၁ ခုနှစ်၊ စက်တင်ဘာ (၁၁)ရက်က အယ်လ်ကိုင်ဒါအကြမ်းဖက်သမားများက လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် လူပေါင်း (၃၀၀၀) နီးပါး သေဆုံးခဲ့ရသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။
နယူးယောက်မြို့ရှိ Ground Zero တွင် ပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက် လာကြသူများသည် ပထမမျှော်စင်ကိုလေယာဥ်ဖြင့်စတင် တိုက်ခိုက်ခံရချိန်ဖြစ် သည့် မနက် ၈ နာရီ ၄၆ မိနစ်တွင် ငြိမ်သက်စွာဆုတောင်းခဲ့ကြသည်။
သေဆုံးသူများ၏ မိသားစုများအပါအဝင် လူအချို့သည် သေဆုံးခဲ့ရသူများ၏ နာမည်များကို ရွတ်ဆိုဆုတောင်း ခဲ့ကြသည်။
ဒီမိုကရက်တစ် သမ္မတလောင်း ဟဲရစ်သည် နိုဝင်ဘာ (၅)ရက်နေ့ ကျင်းပပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၎င်း၏ ပြိုင်ဘက် ရီပတ်ဘလီကန်သမ္မတလောင်း ထရမ့် နှင့် ယမန်နေ့ စက်တင်ဘာ ၁၀ ရက်ညက စကားစစ်ထိုးပွဲတွင် အခြေအတင်ပြောဆို ငြင်းခုန်ခဲ့ကြသော်လည်း သမ္မတလောင်းနှစ်ဦးတို့ သည် အောက်မေ့ဖွယ် အခမ်းအနား တွင် လက်ဆွဲနှုတ်ဆက်ကာစကားစမြည်ပြောဆို ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ထရမ့်၏ ဒုသမ္မတလောင်းဖြစ်သူ အထက်လွှတ်တော်အမတ် J.D. Vance လည်း တက်ရောက်ခဲ့သည်။
နယူးယောက် မြို့တော်ဝန်ဟောင်း ဖြစ်သူ Michael Bloomberg လည်း တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံရေးပြိုင်ဘက်နှစ်ဘက်အကြားတွင် နေရာယူခဲ့သည်ကိုတွေ့ရသည်။
၂၀၀၁ခုနှစ်၊ စက်တင်ဘာ (၁၁) နံနက်ခင်းတွင် အယ်လ်ကိုင်းဒါးစစ်သွေးကြွအဖွဲ့မှ ဘိုးရင်း ၇၆၇ နှစ်စီးကို ပြန်ပေးဆွဲကာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမွှာ မျှော်စဉ် နှစ်ခု ကို တစ်စီးနှင့် တစ်စီး မိနစ်ပိုင်းခြားကာ အသေခံ ၀င် ရောက်တိုက်ခိုက်ခဲ့သည်။
နှစ်နာရီအကြာတွင် တာဝါနှစ်ခုစလုံးသည် ပြိုကျပျက်စီးခဲ့ရသည်။
တာဝါ နှစ်ခုအတွင်းနှင့် အနီးတွင် ရှိသော လူပေါင်း (၂,၆၀၆) ဦးနှင့် လေယာဉ်နှစ်စင်းပေါ်တွင် လိုက်ပါလာကြသူ (၁၅၇) ဦး သေဆုံးခဲ့ရသည်။
ပြန်ပေးဆွဲသူတို့သည် တတိယ လေယာဉ်ကို ဝါရှင်တန်ဒီစီ အပြင်ဘက် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်ရှိ ပင်တဂွန် စစ်ဌာနချုပ်အတွင်းသို့ ထိုးဆင်းခဲ့သည်။
စတုတ္ထမြောက် လေယာဉ်မှာ ပင်ဆယ်ဗေးနီးယားပြည်နယ် ကျေးလက်ဒေသဖြစ်သော ရှန့်ခ်ဗေးလ် တွင် ပျက်ကျခဲ့သည်။
အမေရိသမ္မတ ဂျိုးဘိုင်ဒန် ၊ ဒုသမ္မတ ကမ်မလာဟဲရစ်တို့သည် နယူးယောက် စီးတီးတွင် ပြုလုပ်သည့်အောက်မေ့ဖွယ် အခမ်းအနားသို့တက်ရောက်ခဲ့ပြီးနောက် ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ရှန့်ခ်ဗေးလ် နှင့် အာလင်တန်ရှိ ပင်တဂွန် စစ်ဌာနချုပ် တို့တွင်ပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားကိုလည်းသွားရောက်ခဲ့ကြသည်။
"လွန်ခဲ့တဲ့ ၂၃ နှစ်က ဒီနေ့မှာ အကြမ်းဖက်သမားတွေက ကျွန်တော်တို့ရဲ့ စိတ် ဆန္ဒ တွေ ကိုချိုးဖျက်ပြီး ကျွန်တော်တို့ကို ဒူးထောက်သွားစေ နိုင်တယ်လို့ယုံကြည်ခဲ့ကြတယ်။ သူတို့မှားသွားခဲ့ပါ တယ်။ အမြဲတမ်းလည်းမှားနေပါ လိမ့်မယ်။ အမှောင်ဆုံးသော အချိန်မှာ အလင်းရောင်ကို ကျွန်တော် တို့ တွေ့ရှိခဲ့ ရပါတယ်။ ပြီးတော့ အကြောက်တရားတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော် တို့ ဟာကျွန်တော် တို့ တို့ ရဲ့ တိုင်းပြည်ကို ကာကွယ်ဖို့၊ အချင်းချင်းရိုင်းပင်း ကူညီကြဖို့ အတူတကွစုဝေးရောက်ရှိ လာခဲ့ကြတယ်” ဟု ဘိုင်ဒင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
"ဒါဟာအလွန်ဝမ်းနည်းစရာကောင်းပြီး၊ ကြောက်စရာလည်းကောင်းတဲ့နေ့တစ်နေ့ ပါပဲ။ဒီလိုဖြစ်ရပ်မျိုးတစ်ခါမှ မဖြစ်ဖူးဘူး" ဟု ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အောက်မေ့ဖွယ်ရာအခမ်းအနား သို့သွားရောက်လညခဲ့ သည့် ထရမ့်က Fox News သို့ပြောကြားခဲ့သည်။ Source/Reuters