ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဗီယက်နမ်တွင် ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ (၂၃၃) ဦးအထိ မြင့်တက်လာခဲ့ပြီ (၁၀၃) ဦး ပျောက်ဆုံးနေကာ (၈၀၀) ကျော် ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 343

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၃/၂၀၂၄

ဗီယက်နမ်တွင် တိုင်ဖွန်းမုန်တိုင်းရာဂီတိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် (၂၃၃) ဦးအထိ မြင့်တက်လာခဲ့ပြီး လူ (၁၀၃) ဦး ပျောက်ဆုံးနေကာ (၈၀၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Naharnet သတင်းဖော်ပြချက်အရသိရသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီသည် ဗီယက်နမ်နိုင်ငံကိုစက်တင်ဘာ(၇) ရက်က၀င်ရောက် တိုက်ခတ်ခဲ့သည်။

စက်တင်ဘာ(၁၃) ရက်တွင် သေဆုံးသူ အရေအတွက်သည်  (၂၃၃) ဦးအထိ မြင့်တက်လာခဲ့ပြီး ကယ်ဆယ်ရေးသမားများက မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ဒေသများမှ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြချက်အရသိရသည်။

ဗီယက်နမ်နိုင်ငံတစ်ဝှမ်းတွင် လူ ၁၀၃ ဦး ပျောက်ဆုံးနေပြီး ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် စက်တင်ဘာ (၇)ရက်မှစပြီး ဗီယက်နမ်တွင်တစ်ပတ်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အထူးသဖြင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

မြို့တော် ဟနွိုင်းရှိ မြစ်နီမြစ်သည် စက်တင်ဘာ (၉)ရက် ညပိုင်းမှစတင်၍ မြစ်ရေများ မြင့်တက်မှုကြောင့် ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ် ခဲ့ရပြီး ယခုအခါရေများ စတင်ကျဆင်းလာနေ သော်လည်း ရပ်ကွက်အများအပြား တွင် ရေနစ်မြုပ်လျက်ရှိနေကြောင်းသိရသည်။


လူသေဆုံးမှု အများစုသည် လာအိုကိုင် ခရိုင်ရှိ လန်းနု တွင် ဖြစ်ပွားခဲ့ပြီး၊စက်တင်ဘာ(၁၀)ရက် က လန်းနု တစ်ရွာလုံး ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။

လန်းနု တွင် လူ(၄၈)ဦး သေဆုံးခဲ့ပြီး (၃၉) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၊လန်းနုသို့သွားသော လမ်းများသည် ဆိုးရွားစွာပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် အကြီးစားစက်ကိရိယာများ ယူဆောင်သွားရန်မဖြစ်နိုင်ကြောင်း နိုင်ငံပိုင် VNExpress သတင်းစာက ဖော်ပြခဲ့သည်။

ဗီယက်နမ် ဝန်ကြီးချုပ် Pham Minh Chinh သည် စက်တင်ဘာ(၁၃)ရက်က အခင်းဖြစ်ပွားရာသို့ သွားရောက် ခဲ့ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် မဆုတ်မနစ် ကြိုးပမ်းရှာဖွေသွားမည်ဖြစ် ကြောင်း ကတိပြုခဲ့သည်။ 

"ဒါဟာ သဘာ၀ ဘေးအန္တရာယ်တစ်ခုပါပဲ။ ဒါက ကျွန်တော်တို့ လက်ခံရမယ့် ကံကြမ္မာပါပဲဟု ဝန်ကြီးချုပ် Pham Minh Chinh ကပြောဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဗီယက်နမ်မြောက်ပိုင်းပြည်နယ် Cao Bang တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ(၁၃)ရက်က ရုပ်အလောင်း (၂၁)လောင်းကို ဆယ်ယူရရှိခဲ့ပြီး လူ (၁၀) ဦး မှာပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရ သည်။

ဆယ်စုနှစ်များအတွင်း ဗီယက်နမ်ကို အပြင်းထန်ဆုံး တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ ၏ သက်ရောက်မှုကို ဒေသအနှံ့ ခံစားနေကြရသည်။ Source/ Naharnet and Photo- Asia News

ဆက်စပ် သတင်းများ