စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ခါကာဆိုရီခရိုင်တွင် မြေပြန့်ကအခြေချလာသူ ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသားများအကြား ခိုက်ရန်ဖြစ်ပွားပြီး လူမျိုးစုများပိုင်ဆိုင်သောနေအိမ်နှင့် စျေးဆိုင်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 321

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၄

ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းတောင်တန်းနယ်၊ ခါကာဆိုရီခရိုင် (Khagrachhari) ခရိုင်တွင် မြေပြန့်က အခြေချလာသူများနှင့် ဌာနေတိုင်းရင်းသားများအကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူမျိုးစုများပိုင်ဆိုင်သော  စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်အများအပြား မီးရှို့ခံရသည်ဟု ဘင်္ဂလားဒေ့ရှ်မှ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သည့် “Prothom Alo” က သတင်းဖော်ပြသည်။

ကြာသပတေးနေ့တွင် ခါကာဆိုရီခရိုင်၊ ဒီဂျီနာလ (Dighinala)  မြို့နယ်တွင် ဘင်္ဂလီများနှင့် ဌာနေ တိုင်းရင်းသားများအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ Larma Square ဧရိယာတွင် ညနေ ၅ နာရီခန့်တွင် ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုတစ်ကြိမ်တွင် ဌာနေတိုင်းရင်းသားများ၏ အိမ်များနှင့် စီးပွားရေးလုပ်ငန်း အဆောက်အအုံများကို မီးရှို့ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

အသက် ၃၉ နှစ်အရွယ် ဘင်္ဂလီလူမျိုး  Mohammad Mamun အား ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ခါကာဆိုရီ မြို့ Noapara ဧရိယာတွင် မော်တော်ဆိုင်ကယ်တစ်စီး ခိုးယူခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ရိုက်နှက်ခံခဲ့ရကြောင်း ဒေသခံများနှင့်ရဲသတင်းရင်းမြစ်များက ပြောကြောင်း “Prothom Alo” ကဆိုသည်။

၎င်းလူငယ်အား ဒဏ်ရာပြင်းထန်၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီးနောက် မြေပြန့်မှ အချေနေထိုင်လာသူ  ဘင်္ဂလီ ၃၀၀ ကျော် ၄၀၀ ခန့်မှ ဆန္ဒပြခဲ့ရာမှ ဒီဂျီနာလ (Dighinala)တွင် နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ဌာနေတိုင်းရင်းသားပိုင် နေအိမ်များနေအိမ် (၃၇) လုံးနှင့် စီးပွားရေးလုပ်ငန်းစုများ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု “Prothom Alo” ၏ သတင်းတွင် ဖော်ပြသည်။

သို့သော်လည်း  အိန္ဒိယ အခြေစိုက် Daijiworld သတင်းတွင် သက်ခေါ်  ချက္ကမလူမျိုးစုများ ပိုင်ဆိုင်သော နေအိမ်နှင့်စျေးဆိုင်ပေါင်း(၁၀၀) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင် သတင်းဖော်ပြသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊စစ်တကောင်းတောင်တန်းဒေသ၊ ခါကာဆိုရီခရိုင် ရှိ ချက္ကမ (Chakma) ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ နေအိမ်များနှင့် ဈေးဆိုင်ပေါင်း (၁၀၀)ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု နယူးဒေလီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့၏ ထုတ်ဖော် ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

နယူးဒေလီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Rights and Risks Analysis Group (RRAG) မှ ဒါရိုက်တာဖြစ်သူ Suhas Chakma က ခါကာဆိုရီ ခရိုင်ရှိ Boalkhaliနှင့် Dighinala မြို့ တို့တွင် ချက္ကမာ ဌာနေတိုင်းရင်းသားများ၏ နေအိမ်များနှင့် ဈေးဆိုင်ပေါင်း (၁၀၀)ကျော်ကို မီးရှို့ခဲ့ရပြီး ၎င်းတိုက်ခိုက်မှုများ မြေပြန့်မှ အခြေချနေထိုင်သူများဖြစ်သည့် ဘင်္ဂလီများမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

Dighinala ရှိ  တပ်စွဲထားသော ဘင်္ဂလားဒေ့ရှ် စစစ်သားများသည် အဆိုပါဖြစ်ရပ်အပေါ် ၀င်ရောက်ဟန့်တားခြင်း မပြုသော်လည်း ချက္ကမာ (သက်) လူမျိုး ဌာနေတိုင်းရင်းသားများ၏ နေအိမ်များနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးသူများအား အားပေးအားမြောက် ပြုလုပ်ခဲ့သည်ဟု ၎င်းက စွပ်စွဲပြစ်တင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရှိတ်ဟာဆီနာအစိုးရ ပြုတ်ကျခဲ့ပြီးနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားမဲ့မှုများ ပိုမိုကြီးစိုးလာခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အဖွဲ့ခေါင်းဆောင်ယူနွတ်သည် နိုင်ငံတွင်း လုံခြုံရေးအတွက် ပိုမိုကြီးမားသော အခွင့်အာဏာကို ကျင့်သုံးနိုင်သည့် တိုးချဲ့အာဏာများကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ထံ စက်တင်ဘာ ၁၇ ရက်က ပေးအပ်ခဲ့သည်။

သို့သော်လည်း Dighinala ရှိ ချက္ကမလူမျိုးစု၏ ဆိုင်များနှင့် အိမ်များသည် စက်တင်ဘာ (၁၉)ရက်က မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း (RRAG) မှ ဒါရိုက်တာဖြစ်သူ Suhas Chakma က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အကျိုးဆက်အနေဖြင့်သက္ကမလူမျိုးစုတို့သည့် Dighinala နယ်မြေမှ ထွက်ခွာသွားကြသည့်အတွက် ထိုဒေသတွင် ချက္ကမ (သက်) လူမျိုးစု မကျန်တော့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီဖြစ်စဉ်မှာ အသေအပျောက်၊ ဒါမှမဟုတ် တခြားအကြမ်းဖက်မှုအသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ၄င်းက ပြောဆိုသည်။

၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်တွင် သမ္မတအဖြစ်တာ၀န်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး  ဇီယာရာမန် (Ziaur Rahman) သည် စစ်တကောင်းတောင်တန်းဒေသတွင် နေထိုင်ကြသည့် ဌာနေတိုင်းရင်းသားလူဦးရေကို လူနည်းစုအဖြစ်သို့ လျှော့ချရန်အတွက် တရားမဝင် မွတ်ဆလင် အခြေချ နေထိုင်သူ (၅)သိန်းကို အဆိုပါဒေသတွင်နေရာချထားပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအခါ တရားမ၀င် လွင်ပြင်အခြေချနေထိုင်သူ ဘင်္ဂလီများသည် အဆိုပါဒေသတွင် နေထိုင်သည့် စုစုပေါင်းလူဦးရေ၏ (၅၀) ရာခိုင်နှုန်းကျော်ထိရှိလာသည်ဟု ဆိုသည်။

ဌာနေတိုင်းရင်းသား ကျောင်းသားများသည်စက်တင်ဘာ(၁၈)ရက်က ချာဂရာချာရီ ၌ ချီတက်ဆန္ဒပြပွဲ ကျင်းပခဲ့ပြီး ၎င်းတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုရန်နှင့် မတူကွဲပြားမှုများအတွက် အာမခံချက် ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတောင်းဆိုမှုအပြီး ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာသည်ဟု Daijiworld သတင်းဌာနက  Suhas Chakma ကို ကိုးကားပြီး သတင်းတွင် ဆက်လက် ဖော်ပြသည်။

"သမိုင်းမှာ မကြုံစဖူးလောက်အောင် တိုင်းရင်းသားလူမျိုးစု ၄၀,၀၀၀ လောက်ဟာ ချီတက်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ အခုလိုစက်တင်ဘာ(၁၉)ရက်မှာ သက္ကမ မျိုးနွယ်စုတွေအပေါ် တိုက်ခိုက်ခဲ့တာဟာ ချီတက်ပွဲပြုလုပ်ခဲ့တာကို လက်တုန့်ပြန်ခဲ့တာဖြစ်တယ်” ဟု Suhas Chakma က ပြောကြားခဲ့သည်။

သက္ကမလူမျိုးစုများပိုင်ဆိုင်သည့် အိမ်များနှင့်ဆိုင်များ မီးလောင်ခံရချိန်တွင် ယူနွတ် အစိုးရ( ဘင်္ဂလား ဒေ့ရှ် အစိုးရ) က လုံခြုံရေးနှင့် အကာအကွယ်များ မပေးခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ ချက္ကမာ (ခေါ်) သက် တိုင်းရင်းသား များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ ပြည်နယ်များ တွင် အဓိက နေထိုင်ကြသည်ဟု သိရသည်။ Source/ Prothom Alo (Bangladesh) and Daijiworld (India)

ဆက်စပ် သတင်းများ