စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းနယ်မှ ခရိုင် ၂ ခုတွင် ပုဒ်မ (၁၄၄) ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 412

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းနယ်မှ ခရိုင် ၂ ခုတွင် ပုဒ်မ (၁၄၄) ထုတ်ပြန်

နိရဉ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၄

လူ ၄ ဦးသေဆုံးပြီး ၇၂ ဦးဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်မှ ခရိုင် ၂ ခုဖြစ်သည့် ခါကာဆိုရီ  (Khagrachhari) နှင့် ရန္ကာမတီ (Rangamati) တွင် ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။

ပုဒ်မ ၁၄၄ အရ အဆိုပါ ခရိုင် ၂ ခုတွင် လူသုံးဦး သို့မဟုတ် ထို့ထက်ပို၍ စုဝေးခြင်းကို တားမြစ်သည်ဟု ဖော်ပြသည်။

မြေပြန့်မှ အခြေချလာသူ ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသားများအကြား ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် Dighinala တွင် အနည်းဆုံး ဆိုင်ပေါင်း ၁၀၂ ခန်း မီးလောင်သွားခဲ့ပြီး အဆိုပါ ဆိုင်များအနက် ၇၂ ဆိုင်သည် ဌာနေတိုင်းရင်းသားများဖြစ်ပြီး ကျန်များမှာ ဘင်္ဂလီ အခြေချသူများ ပိုင်ဆိုင်သည့် ဆိုင်ဖြစ်သည်ဟု The daily star တွင် သတင်းဖော်ပြသည်။

ကြာသပတေးနေ့တွင် Dighinala တွင် အိမ်အများအပြား မီးလောင်ခဲ့ပြီး ဌာနေတိုင်းရင်းသား ဒေသခံများက ၎င်းတို့၏ ရွာများမှ ကြောက်ရွံ့ကာ ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့က မြေပြန့်ဒေသမှ အခြေချလာသူ ဘင်္ဂလီနှင့် တောင်တန်းနယ်ရှိ  ဌာနေ တိုင်းရင်းသားများ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခဲ့သည်။

ဘင်္ဂလီလူမျိုးအုပ်စုတစ်စုက ဌာနေအသိုက်အဝန်းများ၏ စီတန်းလှည့်လည်ခြင်းကို တိုက်ခိုက်ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြသည်။

ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြို့သူမြို့သားများက တစ်နေ့တာလုံး ထိတ်လန့်နေခဲ့ရသည်ဟု ဆိုသည်။ ခရိုင်နှစ်ခုရှိ ဈေးများနှင့် ဈေးဆိုင်အများစုကို ပိတ်ထားရပြီး လမ်းအများစုမှာ လူသူ ကင်းမဲ့နေသည်။

ရဲများနှင့် ဆေးရုံသတင်းရင်းမြစ်များက ခါကာဆိုရီတွင် သေဆုံးသူ သုံးဦးကို ချက္ကမာ (သက်) လူမျိုး Dhananjoy (၅၀) နှစ်၊ ထရိပူရ လူမျိုး Rubel (၂၅) နှစ်နှင့် ချက္ကမာ Junan အသက် (၂၀) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်မှုသည် ခါကာဆိုရီ ခရိုင်နှင့် ကပ်နေသည့် ချက္ကမာ လူမျိုးများ အများဆုံးနေထိုင်ရာ ရန္ကမတီခရိုင်သို့ထိ ကူးစက်သွားခဲ့သည်။

ခါကာဆိုရီ ခရိုင် Dighinala တွင်  ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းများ၏  ပိုင်ဆိုင်မှုများကို တိုက်ခိုက်ခံရသည့် အပေါ် ကန့်ကွက်သည့် အနေဖြင့် ရန္ကာမတီ (Rangamati) မြို့တွင်  မနေ့က မနက်ပိုင်းက ဒေသခံများနှင့် ကျောင်းသားများ ချီတက်ဆန္ဒပြခဲ့ကြသည်။

နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဘင်္ဂလီအုပ်စုတစ်စုက Bonorupa Bazar တွင် စီတန်းလှည့်လည် ဆန္ဒပြသူများကို တိုက်ခိုက်ခဲ့ကြောင်း  မျက်မြင်သက်သေများက ပြောသည်။

နှစ်ဖက် အုပ်စုများအကြား အပြန်အလှန် အုတ်ခဲများဖြင့် ပစ်ပေါက်ကာ အပြင်းအထန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ စျေးဆိုင်များ၊ မော်တော်ကားများနှင့် စီးပွားရေးလုပ်ငန်းများ အများအပြား ဖျက်ဆီးခံခဲ့ရပြီး ဌာနေတိုင်းရင်းသားများ၏ နေထိုင်သည့် ရပ်ကွက်များလည်း မီးရှို့ခံခဲ့ရသည်ဟု သိရသည်။ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလည်း လုယက်ဖျက်ဆီးခံခဲ့ရသည်။

ဒဏ်ရာရသူ လူပေါင်း ၅၄ ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အသက် ၂၀ လူငယ် တစ်ဦးသေဆုံးကာ ၁၉ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုဆိုသည်။

ဆက်စပ် သတင်းများ