တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေ၊ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာထိပ်တန်းတပ်မှူးအပါ ၀င်တိုက်ခိုက်ရေးသမား ၁၆ ဦး သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 72

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၂/၂၀၂၄

အစ္စရေးက ဘေရွတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး အပါ၀င် တိုက်ခိုက်ရေးသမား ၁၆ ဦး သေဆုံးခဲ့ကြောင်းအေပီသတင်းဖော်ပြချက်အရသိရသည်။

အစ္စရေးတိုက်လေယာဉ်များသည် လက်ဘနွန်ရှိ ဘေရွတ်မြို့ကို စက်တင်ဘာ(၂၀)ရက်က “ပစ်မှတ်ထား တိုက်ခိုက်မှု”များ ပြုလုပ်ခဲ့ရာဟစ်ဇ်ဘိုလာတပ်ဖွဲ့၏ လက်ရွေးစင်အထူး တပ်ဖွဲ့ဖြစ်သည့် Radwan တပ်ဖွဲ့ မှ အကြီးတန်းတပ်မှူး Ibrahim Aqil နှင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သည့် Ahmed Wahbi အပါအ၀င် အခြားတပ်မှူးအများအပြား သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ် က စက်တင်ဘာ (၂၀ )ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး Nadav Shoshani က စက်တင်ဘာ(၂၀)ရက်က တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား (၁၆)ဦး သေဆုံးခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

စက်တင်ဘာ (၂၀) ရက်က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ ၊ လူထူထပ်သော ရပ်ကွက်အတွင်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံကို အစ္စရေးတို့က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါ အဆောက်အအုံ မှာ ပြိုကျပျက်ဆီးသွားခဲ့ကြောင်း သိရသည်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီး Firass Abiad က အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရ မှုအတွင်း အနည်းဆုံး အမျိုးသမီး(၇) ဦးနှင့် ကလေး(၃)ဦး သေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးမှုဦးရေထပ် တိုးလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေလာကြောင်းစက်တင်ဘာ(၂၁)ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့အပြင် ဆေးရုံတင်ထားရသူ (၁၅)ဦး အပါအဝင် အခြား (၆၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယခုတိုက်ခိုက်မှုသည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ၂၀၀၆ ခုနှစ် ကစတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲနောက်ပိုင်း ဘေရွတ်တွင် အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပြီး အသေအပျောက် အရေအတွက်များ တိုးလာနေပြီး လူ (၂၃) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လက်ဘနွန် အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီး စက်တင်ဘာ(၂၁)ရက်က အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အပြန်အလှန် ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ(၂၁)ရက်က အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်အစင်းပေါင်း (၁၄၀) ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာ တို့ကကြညာချက်ထုတ်ပြန်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့၏ စစ်ဆင်ရေးအတွင်း အစ္စရေးတပ်ဖွဲ့ဝင် (၁၅)ဦးကို သတ်ဖြတ် နိုင်ခဲ့ကြောင်း ညတွင်းချင်း ကြေညာထုတ်ပြန်ခဲ့သော်လည်း မည်သို့မည်ပုံ (သို့မဟုတ်) မည်သည့် နေရာတွင် သေဆုံးခဲ့သည်ကို မူ ပြော ဆိုခြင်းမရှိပေ။


အစ္စရေးတို့က လက်ဘနွန်ရှိ ဒေသ အသီးသီးကို ပစ်မှတ်ထားပြီးထပ်ခါတလဲလဲ တိုက်ခိုက်နေမှုများ အပေါ်လက်တုံ့ပြန်သည့်အနေဖြင့် Fadi 1 နှင့် Fadi 2 ဒုံးကျည် ဒါဇင်ပေါင်းများစွာ ဖြင့် အစ္စေရေးတို့ကို ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဂါဇာရှိ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိမှသာ ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာတို့ကအခိုင်အမာ ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကအစ္စရေးမြောက်ပိုင်းကို ဒုံးကျည်အစင်းပေါင်း (၁၄၀) ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသော်လည်း၊ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒုံးကျည် အစင်း(၉၀) ခန့် ဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။

ယင်းနောက်တွင် အစ္စရေးတို့ကလည်း သည် (စက်တင်ဘာ ၂၁ ရက်) နေ့လယ်ပိုင်းတွင် လက်ဘနွန်၊ ဘေရွတ်ကို ဒုံးကျည်အစင်း (၄၀၀) ကျော်ဖြင့်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြု ပြောဆို ခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား အပြန်အလှန် အပြန်အလှန် တိုက်ခိုက်မှုများတွင် မည်သူမျှ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စက်တင်ဘာ(၂၀)ရက်က ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦး သေဆုံးခဲ့သည့် ဘေရွတ်ကို အစ္စရေး၏ တိုက်ခိုက်မှုအပြီးစက်တင်ဘာ(၂၁)ရက်တွင် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ လေတပ်စခန်းတစ်ခုကို ဟစ်ဇ်ဘိုလာအဖွဲ့မှ ဒုံးကျည်ဒါဇင်ပေါင်းများစွာဖြင့် ပစ်မှတ်ထားကာ ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင် အစ္စရေးတို့ ၏ဂျက်ဖိုက်တာလေယာဉ်များသည် ဟစ်ဇ်ဘိုလာတို့ရှိရာ ဘေရွတ်ဆီသို့ ရာနှင့်ချီပြီးပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကစက်တင်ဘာ(၂၁)ရက် ညတွင် အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ မြို့ဒါဇင်များစွာ ရှိ ပစ်မှတ် (၂၉၀) ခန့်ကို တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒုတိယမှာ လက်ဘနွန် တောင်ပိုင်းတွင် နေရာပေါင်း (၁၁၀) ကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး စစ်တပ်က စက်တင်ဘာ(၂၁)ရက်ညတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စက်တင်ဘာ(၂၀)ရက်က လက်ဘနွန်နှင့် အစ္စရေးတို့၏ အခြေအနေများနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးရန်လိုတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ကြရန် နိုင်ငံအများအပြားက တိုက်တွန်းတောင်းဆို ခဲ့ကြသည်။ Source/AP and Photo/ Los Angeles Times

ဆက်စပ် သတင်းများ