တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ပါကစ္စတန်တွင် ရဟတ်ယာဉ်ပျက်ကျပြီး ရုရှားလေယာဉ်မှူးနှစ်ဦးအပါအဝင် လူ(၆) ဦးသေဆုံးပြီး၊(၈)ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 112

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၄

ပါကစ္စတန်နိုင်ငံ၊ Khyber Pakhtunkhwa ပြည်နယ်၊ မြောက်၀ါဇီရီစတန် တွင် စက်တင်ဘာ(၂၈)ရက် က ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ ရုရှားလေယာဉ်မှူးနှစ်ဦးနှင့် အမှုထမ်းတစ်ဦးတို့ အပါအဝင် လူ(၆) ဦး သေဆုံးပြီး၊(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Times of India သတင်းဖော်ပြချက်အရသိရသည်။

ရေနံကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများကိုသယ်ယူပို့ဆောင်ပေးသည့် စင်းလုံးငှားရဟတ်ယာဉ်သည် မြေပြင်မှ ပျံတက်ပြီး မကြာမီတွင် အင်ဂျင်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ရန် ကြိုးပမ်းစဉ်အတွင်း ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျခဲ့ ရသည့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဝမ်းနည်းဖွယ်ရာ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဥ် အတွင်း လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေး အရာရှိတစ်ဦးက စက်တင်ဘာ၂၈ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စင်းလုံးငှားရဟတ်ယာဉ်သည် ရေနံကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများကို တင်ဆောင်ကာ ပျံတက်ပြီး မကြာမီ အင်ဂျင်ချို့ယွင်းမှု ကြုံတွေ့ခဲ့ရကြောင်း ကနဦးသတင်းအရ သေဆုံးသူဦးရေမှာ ခုနစ်ဦးရှိပြီး ရုရှားနိုင်ငံသား သုံးဦး ဖြစ်သည့် လေယာဉ်မှူး နှစ်ဦးနှင့် အမှုထမ်းတစ်ဦးတို့ ပါဝင်သည်ဟု သိရသည်ဟုအေပီသတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း သေဆုံးသူများထဲတွင် ၄င်းတို့ ပါဝင်ခြင်း ရှိ၊ မရှိကို မူ တာဝန်ရှိသူက အတည်ပြုခဲ့ခြင်းမရှိပေ။

Mi-8 အမျိုးအစား ရဟတ်ယာဥ်သည် အရေးပေါ် ဆင်းသက်ဖို့ ကြိုးပမ်းစဥ် အတွင်း ရဟတ်ယာဥ်၏ အမြီးရှိပန်ကာသည် မြေပြင်ကို ထိမှန်ရိုက်ခတ်ပြီး ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

“ရဟတ်ယာဉ်က မြေပြင်ကနေ ပျံတက်စဉ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ အခုလို မတော်တဆမှုဖြစ်ပွားခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဟတ်ယာဉ် သည် Khyber Pakhtunkhwa ပြည်နယ်၏ မြို့တော်ဖြစ်သည့် Peshawar ၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အကွာရှိ ရှီ၀ ဒေသ တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

 ဒဏ်ရာရရှိသူများကို တပ်မတော်ဆေးရုံသို့ ပို့ဆောင် ပြီးဆေးဝါး ကုသမှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။ Source/The Times of India

ဆက်စပ် သတင်းများ