တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

ဩစတြေးလျ ဆစ်ဒနီမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဌာနေတိုင်းရင်းသားများ ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 84

ခိုင်လူလှ (ရိုးမမြီ) စက်တင်ဘာ ၂၉/၂၀၂၄

 

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဌာနေတိုင်းရင်းသား ၁၅၀ ခန့်က ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက်က ဆန္ဒပြခဲ့ကြသည်။

 

ယခုကဲ့သို့ ဆန္ဒပြရခြင်းမှာ လွန်ခဲ့သည့် ရက်အနည်းက စစ်တကောင်းတောင်တန်းနယ် ခါကာဆိုရီနှင့် ရန္ကာမတီခရိုင်တွင် ဌာနေတိုင်းရင်းသားများအား ဘင်္ဂလီရွှေ့ပြောင်း အခြေချသူများက တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

 

ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးက “ ဒီဆန္ဒပြပွဲ အခမ်းအနားကို မနက် ၁၀ နာရီက​နေ ၁၂ နာရီထိ Sydney Town Hall ရှေ့မှာပြုလုပ်ခဲ့ပါတယ်။ လူပေါင်း ၁၅၀ လောက် ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က လူနည်းစု ဌာနေတိုင်းရင်းသားတွေဖြစ်ကြတဲ့ သက်၊ မရမာ၊ ဘရဝါ( မရမာကြီး)၊ ရခိုင်၊ ထရီပူရ စတဲ့ လူမျိုးပါဝင်တယ်။ ဒါ့ပြင် နီပေါနိုင်ငံသားတွေနဲ့ ဘင်္ဂလီလူမျိုးအချို့လည်း လာရောက် ပူးပေါင်းခဲ့ကြပါတယ်”ဟု ပြောကြားသည်။

 

ဆန္ဒပြပွဲတွင် တောင်းဆိုမှုတချို့ကိုလည်းပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။



 

၎င်းတောင်းဆိုချက်များမှာ ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုများအားကာကွယ်ပေးရန်၊ ဌာနေ တိုင်းရင်းသားများအား တိုက်ခိုက်မှုများအား ရပ်တန့်ရန်၊ တိုက်ခိုက်ခဲ့သူများအား အရေးယူပေးရန်နှင့် စစ်တကောင်းတောင်တန်းနယ်က ဘင်္ဂလာစစ်တပ်ကို ရုပ်သိ်မ်းပေးဖို့ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

 

၎င်းပြင် “လူနည်းစုများကို လေးစားပါ၊ စစ်တကောင်းတောင်တန်းနယ်တွင် ဌာနေ တိုင်းရင်းသားများထံက မြေယာ လုယူနေခြင်းများကို ရပ်တန့်ပါ၊  Jumma တောင်ပေါ်သားများအတွက် တရားမျှတမှုကိုလိုလားသည်၊ ငါတို့သည့် ဘင်္ဂလားဒေ့ရှ်မှ မရမာလူမျိုးများဖြစ်ကြသည်၊ တိုက်ခိုက်မှုများကို ရပ်တန့်ပြီး လူ့အခွင့်အရေးကို မြှင့်တင်ပါ၊ ၁၉၉၇ ခုနှစ် သဘောတူညီမှုအရ ဘင်္ဂလားစစ်တပ် စစ်တကောင်းတောင်တန်းနယ်က ရုပ်သိမ်းပါ၊ တရားမျှတမှု မရှိဘဲ ငြိမ်းချမ်းရေး မရနိုင်” စသည့် ပိုစတာများ၊ ဆိုင်းဘိုး ဘန်နာများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။



 

စက်တင်ဘာ ၁၉ နှင့် ၂၀ ရက်များတွင်   ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် စစ်တကောင်းတောင်တန်း ခါကာဆိုရီခရိုင် Deghiniala နှင့် ရန္ကာမတီတွင် နေထိုင်ကြသည့် လူနည်းစု ဌာနေတိုင်းရင်းသားများ (Jammu) လူမျိုးများ ဖြစ်ကြသည့် သက်၊ မရမာလူမျိုးများအပေါ် မြေပြန့်အခြေစိုက်နေထိုင်လာကြသည့် ဘင်္ဂလီလူမျိုးများမှ တိုက်ခိုက်ခဲ့ခြင်း အပေါ် ကန့်ကွက်သည့် အနေဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုအတွင်း ဌာနေတိုင်းရင်းသား ၄ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၇၀ ခန့် ဒဏ်ရာရရှိခဲ့ကြီး စျေးဆိုင်နှင့် နေအိမ်ပေါင်း ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ထုတ်ဖော်​ပြောကြားသော်လည်း သေဆုံးသူအရေအတွက်မှာ ယင်းထက်မက ပိုများသည်ဟု ဒေသခံများက ပြောကြားသည်။



 

ဆက်စပ် သတင်းများ