ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၂၄

အမေရိကန် တွင်ဟာရီကိန်း ဟယ်လင် ကြောင့် သေဆုံးသူဦး ရေသည်အနည်းဆုံး လူ (၁၃၇) ဦးအထိမြင့်တက်လာခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 118

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၄

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ခြောက်ခုတွင်ဟာရီကိန်း ဟယ်လင် ကြောင့် သေဆုံးသူဦး ရေသည်အနည်းဆုံး လူ (၁၃၇) ဦးအထိမြင့်တက်လာခဲ့သည်ဟု CNN သတင်းဖော်ပြချက်အရ သိရသည်။

နောက်ထပ်အများအပြားလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ သေဆုံးသူဦးရေထပ် တိုးလာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေကြသည်။

အထူးသဖြင့် ကာရိုလိုင်းနားပြည်နယ်တွင် ရာနှင့်ချီသောလမ်းများ ပိတ်ထားရဆဲဖြစ်ပြီး၊ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့မှုကို အဟန့်အတားဖြစ် စေ ကြောင်း CNN က အောက်တိုဘာ(၁)ရက် ညပိုင်းတွင် သတင်း ဖော်ပြခဲ့သည်။

poweroutage.us ၏ အဆိုအရ လျှပ်စစ်သုံးစွဲသူနေအိမ်ပေါင်း (၁.၅) သန်းကျော်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟုဆိုသည်။

ဟာရီကိန်းမုန်တိုင်း ဟယ်လင် သည် ဖလော်ရီဒါ ပြည်နယ်၊ ဘစ်ဘန်း ဒေသကို ပြီးခဲ့သည့် ကြာသပတေးနေ့(စက်တင်ဘာ ၂၆ ရက်) နှောင်းပိုင်းက လေတိုက်နှုန်း တစ်နာရီလျှင် (၁၄၀) မိုင်နှုန်းဖြင့်ဝင်ရောက်ခဲ့ပြီးနောက် ၊ ဂျောဂျီယာ, တောင် ကာရိုလိုင်းနား ၊ မြောက်ကာရိုလိုင်းနား နှင့် Tennessee ပြည်နယ်များကို ဖြတ်ကျော်၀င်ရောက် တိုက်ခတ်ခဲ့သည်။


ဟာရီကိန်းမုန်တိုင်း ဟယ်လင် ကြောင့်မိုးသည်းထန်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများနှင့်ပါ ကြုံတွေ့ ခဲ့ရသည်။ ဖလော်ရီဒါပြည်နယ် Pinellas ကောင်တီတွင် သေဆုံးသူများကို ထပ်မံတွေ့ရှိခဲ့ရပြီး၊ ဖလော်ရီဒါတွင် သေဆုံးသူဦးရေသည် ၁၅ ဦးအထိ မြင့်တက်လာခဲ့သည်။

ထို့ကြောင့်သေဆုံးသူအရေအတွက်သည်ပြည်နယ်ခြောက်ခုတွင်အနည်းဆုံးလူ (၁၃၇) ဦးအထိ မြင့်တက်လာခဲ့သည်။

CNN ၏ အောက်တိုဘာ(၁)ရက်ညပိုင်းက ပြည်နယ်အလိုက် သေဆုံးမှု စာရင်းများကို ဖော်ပြခဲ့ရာ မြောက်ကာရိုလိုင်းနား တွင် ( ၅၆)ဦး၊ တောင်ကာရိုလိုင်းနားတွင် (၃၃)ဦး၊ ဂျော်ဂျီယာတွင် (၂၅)ဦး၊ ဖလော်ရီဒါတွင် (၁၅)ဦး၊ Tennessee တွင် (၆)ဦး၊ ဗာဂျီးနီးယားတွင် (၂)ဦး တို့သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ပျောက်ဆုံးသူဦးရေသည် (၆၀၀) ကျော်ရှိကြောင်းသိရသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ(၂)ရက် တွင် မုန်တိုင်းဒဏ်သင့်နေရာများသို့ ကိုယ်တိုင် သွားရောက် ကြည့်ရှုမည် ဖြစ်ကြောင်း သိရသည်။ Source/CNN and Photo/ NPR

ဆက်စပ် သတင်းများ