နိရဉ္စရာ၊ အောက်တိုဘာ ၆/၂၀၂၄
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဗုဒ္ဓဘာသာအများဆုံးနေထိုင်သည့် စစ်တကောင်းတောင်နယ် ခရိုင် ၃ ခု၌ ဗုဒ္ဓဘာသာဝင်များ၏ အမြင့်မြတ်ဆုံး ဘာသာရေး ပွဲတော်တစ်ခုဖြစ်သည့် ‘ကထိန်ပွဲတော်’ အား ယခုနှစ်တွင် မကျင်းပရန် စစ်တကောင်းတောင်တန်းနယ် သံဃာ့အဖွဲ့ (The Sammilito Bhikkhu Sangha of the Chittagong HillTracts) ဆုံးဖြတ်ကြေညာလိုက်သည်။
ယခုကဲ့သို့ ဆုံဖြတ်လိုက်ခြင်းမှာ စစ်တကောင်းတောင်တန်းနယ်တွင်လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကြောင့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကင်းမဲ့နေ၍ ဖြစ်သည်ဟုဆိုသည်။
တနင်္ဂနွေနေ့ကရန္ကာမတီ (Rangamati) မြို့ရှိ Maitree ဗုဒ္ဓဝိဟာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ၏ အမြင့်မြတ်ဆုံး ဘာသာရေး ပွဲတော်တစ်ခုဖြစ်သည့် ‘ကထိန်ပွဲတော်’ ကို နှစ်စဉ် ဝါကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်အထိ တစ်လအတွင်း ကျင်းပကြပြီး ယခုနှစ် နိုဝင်ဘာ လဆန်းမှစတင် ကျင်းပရန်ရှိသည့် ကထိန်ပွဲများအား စစ်တကောင်းတောင်တန်းနယ် တစ်ခုလုံးတွင် ဖျက်သိမ်းလိုက်ကြောင်းကြေညာသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စစ်တကောင်းတောင်တန်းဒေသ သံဃာ့အဖွဲ့ ဥက္ကဋ္ဌ Shraddhalankar Mahathera အပါအဝင် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဆရာတော်ကြီးများ အပါအဝင်ရဟန်းသံဃာတော်များ တက်ရောက်ခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် စစ်တကောင်းတောင်တန်းနယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်များမကြာမီက ဖြစ်ပွားခဲ့သည့် လူမျိုးရေး ဘာသာရေး ပဋိပက္ခအတွင်းတွင် တိုက်ရိုက်(သို့မဟုတ်)သွယ်ဝှိုက်၍ ပါဝင်ပတ်သက်ခဲ့ကြသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။
ယနေ့အချိန်အထိဖြစ်ပွားခဲ့သည့် ဌာနေတိုင်းရင်းသားများ အပေါ် အစုအပြုံလိုက်တိုက်ခိုက်မှုများ အနက်မှ တစ်စုံတစ်ရာကို စစ်ဆေး အပြစ်ပေး အရေးယူခြင်း မရှိသေးဟု ဆိုသည်။
ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီများကို ဘင်္ဂလာအစိုးရက အမည်ခံ အဖြစ်သာဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများကိုလည်းယနေ့အချိန်ထိ မမြင်တွေ့ရသေးကြောင်းသတင်းစာရှင်းလင်းပွဲတွင် သံဃာတော်များ ပြောကြာသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အုပ်ချုပ်ရေးဌာနများကို သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ အယုံအကြည် မရှိဖြစ်နေသလို လုံခြုံရေးစိုးရိမ်မှုများလည်း ရှိနေကြသည်ဟု ဆိုသည်။
စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အတွင်း ဖြစ်ပွားခဲ့သည့် စစ်တကောင်းတောင်တန်းနယ်၊ခါကာဆိုရီနှင့် ရန္ကာမတီ ခရိုင်ရှိ လူနည်းစု ဌာနေတိုင်းရင်သားများနှင့် မြေပြန့်က အခြေချလာသည့်ဘင်္ဂလီလူမျိုးများအကြား ဖြစ်ပွားခဲ့သည့် လူမျိုး ပဋိပက္ခအတွင်း ဌာနေတိုင်းရင်းသား၄ ဦးသေဆုံးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ကျော် လုယက်ဖျက်ဆီး ခံခဲ့ကြရကာ ဗုဒ္ဓရုပ်ပွားတော်များ၊ အလှူခံသေတ္တာများလုယက်ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၇ဟန်းတော်များက ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်တကောင်းတောင်တန်းနယ် လက်ထောက်ကော်မရှင်နာ Md.Mosharraf Hossain Khan က "ကထိန်ပွဲတော် မကျင်းပဖို့ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်။မနက်ဖြန်တနင်္လာနေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံရန် စီစဉ်ထားပါတယ်။ အဲဒီမှာသူတို့ပြောတာကို နားထောင်မယ်။ တရားဥပဒေစိုးမိုးရေးအခြေအနေက ပုံမှန်ပဲလို့ ကျနော်တို့ ယူဆပါတယ်” ဟု ပြောကြားသည်။
စစ်တကောင်းတောင်တန်းနယ် ရန္ကမတီခရိုင် (သက်ထောင်)၊ ခါကာဆိုရီ(ဖလံထောင်)နှင့် ဘင်ဒရိုဘင် ခေါ် ရွာတော်ခရိုင် (ဗိုလ်မင်းထောင်) စသည့် ခရိုင် ၃ ခုရှိပြီးအဆိုပါ ခရိုင် ၃ခုတွင် ဗုဒ္ဓဘာသာဝင် သန်းနှင့်ချီပြီး နေထိုင်လျှက်ရှိကြောင်း သိရှိ၇သည်။
Ref: Prothom Alo