သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးစစ်ပွဲ(သို့မဟုတ်) ရပ်တန့်ခြင်းမရှိ အရှိန်အဟုန်မြင့်တက်နေသည့် အစ္စရေး-ဟာမတ်စ်စစ်ပွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 603

 ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄

ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးစစ်ပွဲဟုကင်ပွန်းတပ်ခံထားရသည့်အစ္စရေး-ဟာမတ်စ်တို့၏ စစ်ပွဲသည် (၁)နှစ်တင်းတင်းပြည့်ခဲ့သွားခဲ့ပြီဖြစ်သည်။ သို့သော်လည်းအစ္စရေး-ဟာမတ်စ်တို့၏ စစ်ပွဲသည် ရပ်တန့်သွားမှုမရှိဘဲ စစ်ပွဲ၏ အရှိန်အဟုန်သည် ပို၍ပင်မြင့်တက်လာခဲ့သည်။

စစ်ပွဲကာလ (၁)နှစ်ပြည့်သည့်အောက်တိုဘာ (၇)ရက်နေ့တွင်ပင် ဟာမတ်စ်တို့က အစ္စရေး၏ တတိယ အကြီးဆုံးမြို့ ဖြစ်သည့် ဟိုင်ဖာမြို့နှင့်တပ်စခန်းများကို  ဒုံးကျည်များစွာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဂါဇာကို ပျက်ဆီးသွားခဲ့ရသည်အထိအစ္စရေးတို့က ဟားမတ်စ်တို့အားတိုက်ခိုက်မှုအပြီး တစ်နှစ်အကြာ (တနင်္လာနေ့) အောက်တိုဘာ (၇)ရက်နေ့တွင်ပင် အစ္စရေးတို့သည် လက်ဘနွန်သို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊  ထိုးစစ်ချဲ့ထွင်လျက်ရှိနေသည်။

ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ က ၎င်းတို့သည် ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းကို Fadi 1 ဒုံးကျည်များဖြင့် ပစ်မှတ်ထားပြီး (၆၅)ကီလိုမီတာ (၄၀ မိုင်) အကွာ တိဘီရီယစ်ကို နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ၊ဟိုင်ဖာမြောက်ဘက်ရှိ ဒေသများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က လည်းအောက်တိုဘာ( ၇)က အစ္စရေးတို့၏ပိုင်နက်အတွင်းကို ဒုံးကျည်အစင်း (၁၉၀)ခန့် ဝင်ရောက်လာခဲ့ကြောင်း၊ ဒဏ်ရာရသူ (၁၂) ဦးထက်မနည်းရှိခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

အစ္စရေး​တို့သည် အောက်တိုဘာ(၇)ရက်က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၊ တိုက်ခိုက်မှုအတွင်း အစ္စရေးဘက်မှ စစ်သား (၂ ) ဦး သေဆုံးခဲ့ရကြောင်း၊ လက်ဘနွန်တွင် အစ္စရေးစစ်တပ်မှ သေဆုံးသူဦးရေသည် ( ၁၁)ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့သည်။

နယ်စပ်ဒေသရှိ မြူနီစီပယ်အဆောက်အအုံတစ်ခုအား အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှု တစ်ခုအတွင်း မီးသတ်သမား (၁၀) ဦး အပါအဝင် ၊လူ ဒါဇင်နှင့်ချီပြီး  သေဆုံးခဲ့ရကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် တစ် နှစ်က ဟာမတ်စ်တို့သည်  အစ္စရေးကို စတင်ပစ်ခတ်ခဲ့ချိန်ကစပြီး ယခုချိန်ထိ လက်ဘနွန်နိုင်ငံသား ၂,၀၀၀ ခန့် သေဆုံးခဲ့ရကြောင်း အများစုသည် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းက သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

အစ္စရေးစစ်တပ်သည် လက်ဘနွန်ရှိ ၎င်း၏ မြေပြင်စစ်ဆင်ရေးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အကန့်အသတ်များဖြင့် စတင်သည်ဟုဆိုထားသော် လည်းလက်ရှိတွင် စစ်ဆင်ရေး ပြုလုပ်မှုများသည် တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။

အစ္စရေး၏ စူပါပါဝါမဟာမိတ်ဖြစ်သော အမေရိကန်က အစ္စရေး၏  လက်ဘနွန်မြေပြင် စစ်ဆင်ရေးသည် အကန့်အသတ်ဖြင့် ဆက်လက်တည်ရှိနေသည်ဟု ယုံကြည်ပါ ကြောင်း နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Radwan အထူးတပ်ဖွဲ့များ၊ ဟစ်ဇ်ဘိုလာ၏ ဒုံးကျည်တပ်ဖွဲ့နှင့် ၎င်းတို့၏ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးတို့အပါအဝင် လက်ဘနွန်  တောင်ပိုင်းရှိ ပစ်မှတ် (၁၂၀)ကို အစ္စရေးတို့ သည် လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုအစ္စရေးစစ်တပ်ကပြောဆိုသည်။ အစ္စရေး စစ်သားများသည် လက်ဘနွန် တောင်ပိုင်းသို့ ဆက်လက် ချီတက်လျက်ရှိ သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားများ အခြေစိုက်သည့် နယ်စပ်ဒေသများကို ရှင်းလင်းရန်သာဖြစ်ပြီး လက်ဘနွန်သို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

" ဒီစစ်ဆင်ရေးဟာ ဟစ်ဇ်ဘိုလာတို့ရဲ့ ကွပ်ကဲမှု၊ ထိန်းချုပ်မှုနဲ့ ပစ်ခတ်မှုစွမ်းရည်တွေကို ကျဆင်းသွားစေပါတယ်။  စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် မြေပြင်တပ်ဖွဲ့တွေကို ကူညီပေးဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေ အခုလို ဆက်တိုက် ဖြစ်ပွားခဲ့ရတာပါ” ဟု အစ္စရေး စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးဒဏ်ရာရမှုများ

လွန်ခဲ့သည့်တစ်နှစ် အောက်တိုဘာ (၇)ရက်က အစ္စရေးနိုင်ငံကို ဟားမတ်စ် တို့က အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့မှု အတွင်းအစ္စရေးတွင် အရပ်သား (၈၀၀) ခန့်၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) စစ်သား (၃၄၆)ဦးနှင့် ရဲအရာရှိ (၆၆)ဦးတို့အပါအဝင် လူပေါင်း (၁၂၀၀) ခန့် သေဆုံးခဲ့ရပြီး၊ (၈၇၀၀)ခန့် ဒဏ်ရာရရှိခဲ့ကြောင်းအစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ (၃) ရက်အထိ စာရင်းများအရ၊ လူပေါင်း (၄၁,၀၀၀)ကျော် သေဆုံးခဲ့ရပြီး( ၉၆,၇၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကြီးမှူးသည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။'


ဂါဇာရှိ အပျက်အစီးများအောက်တွင် အနည်းဆုံး လူ (၁၀,၀၀၀) ထက်မနည်း မြှုပ်နှံခံထားရပြီး၊ ကုလသမဂ္ဂ၏ အဆိုအရ သေဆုံးသူ အရေအတွက်သည်  အမှန်တကယ်တွင်ယခုထက် ပိုမို များပြား နိုင်သည်ဟု ဆိုသည်။ ၄၂,၀၀၀ နီးပါး သေဆုံးခဲ့ရသည့်အစ္စရေးတို့၏ လုပ်ရပ်သည်  လူမျိုးတုံးသတ်ဖြတ်မှုဟုဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

စိုးရိမ်မှုများ

အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့၏ ပြင်းထန်သော ပဋိပက္ခသည် အမေရိကန်နှင့် အီရန်တို့ ၏ ရေနံထုတ်လုပ်သည့် ဒေသအတွင်း ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွင်းသို့ ရောက်ရှိသွားမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

အီရန်သည် ပြီးခဲ့သည့် အောက်တိုဘာ (၁)ရက်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခဲ့သည်။

အစ္စရေးတို့က လည်းလက်တုံ့ပြန်မည်ဟု ပြောကြားပြီး ၎င်းတို့၏ရွေးချယ်မှုများကို ချိန်ဆလျက်ရှိနေ သည်။ အီရန်၏ ရေနံစက်ရုံများသည် ဖြစ်နိုင်ချေရှိသော ပစ်မှတ်များဖြစ်နေ သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသမိုင်းတွင် အသေအပျောက်နှင့်ထိခိုက်ပျက်ဆီးခဲ့ရမှု အများဆုံး ဖြစ်ခဲ့ရသည့်အစ္စရေး-ဟားမတ်စ်စစ်ပွဲသည်၂၀၂၄ ခုနှစ် အောက်တိုဘာ(၇) ရက် တွင်(၁)နှစ် ပြည့်သွားခဲ့ပြီဖြစ်သည်။

အစ္စရေးတို့၏ ရည်မှန်းချက်သည် ဟားမတ်စ်များကို အမြစ်ပြတ် ချေမှုန်းရန်ဖြစ်ပြီး အရပ်သားများ ထိခိုက်သေဆုံးမှု နည်းပါးနိုင်သမျှ နည်းပါးအောင် ကြိုးပမ်းနေသော်လည်း ပကတိမြေပြင် အနေအထားတွင် ပါလက်စတိုင်းသဘ် မြေပုံဘ၀ကျရောက်သွားခဲ့ရသည်။

ထိုကာလအတောအတွင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲခြင်းအပါအဝင် ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်လာသည်။

အစာရေစာ၊ ရေသန့်နှင့် ဆေးဝါးများ ပြတ်လပ်နေခြင်းကို တွေ့မြင်ရပြီး အငတ်ဘေးသည် ဂါဇာတခွင်သို့ ပျံ့နှံ့သွားခဲ့သည်ဟု ကုလသမဂ္ဂ  မှ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင် ပဋိပက္ခသည် ဒေသတွင်း အရှေ့အလယ်ပိုင်းဒေသအထိ ပျံ့နှံ့နေပြီး ဒေသတွင်း စစ်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသဖြင့်၊ တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားပွဲများနှင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဒုသမ္မတ Kamala Harris နှင့် ရီပတ်ဘလီကန်သမ္မတဟောင်း Donald Trump တို့ တက်ရောက်ခဲ့ကြသည်။

(၁)နှစ်တင်းတင်းပြည့်ခဲ့သွားခဲ့ပြီဖြစ်သည့်အစ္စရေး-ဟာမတစ်တို့၏စစ်ပွဲသည် ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးစစ်ပွဲဟု အယ်လ်ဂျာဇီးယားက ရေးသား ဖော်ပြခဲ့သည်။ Source/Reuters/Al Jazeera

ဆက်စပ် သတင်းများ