ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄
အီရန်ကအစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဌာနပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟုရိုက်တာသတင်းဖော်ပြချက်အရသိ၇သည်။
အစ္စရေးစစ်တပ်သည်အောက်တိုဘာ (၂၆)ရက် က အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်ရန်အတွက်အီရန်သည်ရရှိနိုင်မည့် (လက်နက်) ကိရိယာ အားလုံးကိုအသုံးပြုပြီးအစ္စရေးအားလက်တုန့်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဌာနပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က အောက်တိုဘာ(၂၈)ရက်တွင်ပြောကြားလိုက်သည်။
"အစ္စရေး ကိုတိကျသေချာပြီး ထိရောက်တဲ့ တုံ့ပြန်မှုကို ပြန်လည် ပေးအပ်ဖို့အတွက် အီရန် အနေနဲ့ရရှိနိုင်တဲ့ (လက်နက်) ကိရိယာအားလုံးကို အသုံးပြုပြီး တိုက်ခိုက်သွားမှာပါ"ဟု ၄င်းကအပတ်စဉ် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အောက်တိုဘာ(၂၆)ရက် က အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်တွင် အကန့်အသတ်ဖြင့်သာထိခိုက်ပျက်စီးခဲ့သည်ဟု ၄င်းက ပြောကြားခဲ့သည်။
အီရန်၏လက်တုံ့ပြန်မှုသည် အစ္စရေးတို့၏ တိုက်ခိုက်မှုအပေါ်တွင် မူတည်ကြောင်း Bagaeiကပြောကြားခဲ့သော်လည်း မည်ကဲ့သို့လက်တုန့်ပြန်တိုက်ခိုက်သွားမည့် အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
အီရန်တာဝန်ရှိသူများအနေဖြင့် အီရန်၏ သြဇာအာဏာကို မည်ကဲ့သို့ အကောင်းဆုံး ပြသရမည်ကိုဆုံးဖြတ်သင့်ကြောင်း အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အောက်တိုဘာ (၂ရ)ရက်ကပြောကြားခဲ့သေးသည်။
၄င်းပြောဆိုချက်ထွက်ပေါ်လာပြီးနောက်တစ်နေ့တွင်အီရန်သည်ရရှိနိုင်မည့်(လက်နက်)ကိရိယာ အားလုံးကို အသုံးပြုပြီးအစ္စရေးအားလက်တုန့်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Baghaei ကထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
အောက်တိုဘာ(၂၆)ရက်(စနေနေ့)နံနက်အရုဏ်မတက်မီတွင် အစ္စရေးဂျက်တိုက်လေယာဉ် များသည် မြို့တော်တီဟီရန်နှင့်အီရန်အနောက်ပိုင်းရှိ ဒုံးကျည်စက်ရုံများ၊ အခြားစစ်ဘက်ဆိုင်ရာနေရာများကိုပြင်းပြင်းထန်ထန် တိုက်ခိုက်မှု (၃) ကြိမ် ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကအတည်ပြုပြောကြားခဲ့သည်။
အီရန်အနေဖြင့် လက်တုန့်ပြန်တိုက်ခိုက်မှုမပြုလုပ်ရန်နှင့် တိုက်ခိုက်ပါက ပြင်းထန်သော အကျိုးဆက်များရှိလာမည်ဖြစ်ကြောင်းအစ္စရေးနှင့် အီရန်ကြား တိုက်ရိုက် ပစ်ခတ်မှု တွေကို အဆုံးသတ်သင့်ပြီဟုအမေရိကန်ကသတိပေး ပြောဆို လိုက်သည်။
အစ္စရေးသို့မဟုတ် ဒေသအတွင်းရှိ သည့် အမေရိကန် ဝန်ထမ်းများကို လက်တုံ့ပြန်တိုက်ခိုက်သည့်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ပါက ပြင်းထန်သော အကျိုးဆက်များ ရှိလာမည်ဖြစ်ကြောင်းအမေရိကန်က ကုလသမဂ္ဂတွင် သတိပေးပြောဆိုလိုက်သည် ဟု အယ်လ်ဂျာဇီးရားသတင်းက ဖော်ပြသည်။
“မိမိကိုယ်ကိုခုခံကာကွယ်ဖို့ အတွက် ကျမ တို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ အမေရိကန်ကဒီထက်ပိုပြီး တင်းမာမှုကို မမြင်ချင်ပါဘူး။ ဒါဟာအစ္စရေးနဲ့ အီရန်ကြား တိုက်ရိုက် ပစ်ခတ်မှု တွေကို အဆုံးသတ်သင့်ပြီလို့ ကျမတို့ ယုံကြည်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ် Linda Thomas-Greenfield က ကုလသမဂ္ဂတွင် ပြောကြားခဲ့သည်။
လက်ဘနွန်တွင်အစ္စရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်ဟစ်ဇ်ဘိုလာတို့ကို အီရန်က ကျော ထောက်နောက် ခံပြုပေး ထားပြီး ဂါဇာကမ်းမြောင်တွင်အစ္စရေးကို တိုက်ခိုက်နေသည့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကိုလည်း အီရန်ကကျော ထောက်နောက် ခံပြုပေးထားသည်။ Source/Reuters/Al Jazeera