ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၅/၂၀၂၄ (နိုင်ငံတကာ)
ကာဇက်စတန်တွင်အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ (၃၀) ကျော် သေဆုံးခဲ့ပြီးကလေးနှစ်ဦးအပါအ၀င်အနည်းဆုံး လူ (၃၂) ဦး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်းသိရသည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ Embraer 190 လေယာဉ် ပေါ်တွင် လိုက်ပါလာသည့် လူ (၆၇) ဦးအနက် အနည်းဆုံး (၃၂) ဦး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း (၃၀) ကျော် သေဆုံးရဖွယ်ရှိကြောင်း ကာဇက်စတန် အရေးပေါ် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အာဏာပိုင်များ၏ အဆိုအရ အဆိုပါ အရေအတွက်သည် နောက်ဆုံးရ ကိန်းဂဏန်း အချက်အလက်များမဟုတ် ဟုဆိုသည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှခရီးသည် (၆၂) ဦးနှင့် အမှုထမ်း(၅)ဦး လိုက်ပါလာ သည့် လေယာဉ် သည် ဒီဇင်ဘာ(၂၅)ရက် က ဘာကူမှချေချင်းညာ ရှိ ဂရိုဇ်နီမြို့သို့ ပျံသန်းစဉ်၊ ကာဇက်စတန်နိုင်ငံ Aktau မြို့အနီးတွင် ငှက်အုပ် ကို၀င်တိုက်မိပြီးနောက်တွင် ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
Embraer 190 လေယာဥ် (ခရီးစဥ်အမှတ်Flight 8432 )သည် အဇာဘိုင်ဂျန် မြို့တော် ဘာကူ မှ ရုရှားနိုင်ငံ ချေချင်းညာ ရှိ ဂရိုဇ်နီမြို့သို့ ပျံသန်းနေစဥ် ငှက်အုပ်များနှင့် တိုက်မိပြီးနောက် ကာဇက်စတန်နိုင်ငံ Aktau မှ ၃ ကီလိုမီတာအကွာတွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း အဆိုပါ လေကြောင်းလိုင်း၏ ကနဦးထုတ်ပြန်သည့်သတင်းများအရ သိရသည်။
လေယာဉ်ပျက်ကျမှု ကိုရိုက်ကူးထားသည့်ဗီဒီယိုဖိုင်တစ်ခုတွင် လေယာဥ်သည် မြေပြင်သို့ ထိုးဆင်းသွားခဲ့ပြီးနောက်မြေပြင်နှင့်တိုက်မိရာမှ လေယာဉ်သည်မီးလောင် ပေါက်ကွဲသွားပြီး လေယာဉ်အပျက်အစီးများ ကနေ သွေးများစွန်းထင်းနေသည့် ခရီးသည်များ ထွက်လာနေပုံကိုပြသထားသည်ကိုတွေ့ရသည်။
ကနဦးသတင်းများအရလေယာဉ်ပျက်ကျမှု အတွင်း လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှားသတင်းဌာန Interfax က ဖော်ပြခဲ့သည်။
ကနဦးသတင်းအချက်အလက်များ အရ လေယာဥ်မပျက်ကျခင် အဆိုပါလေယာဥ်သည် ငှက်အုပ်ကို၀င်တိုက်မိခဲ့ကြောင်း၊ယင်းနောက်တွင် လေယာဉ်မှူးသည် အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ချက်ချ ခဲ့ကြောင်း ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ လေယာဉ်သည် ဘာကူ မှ ချေချင်းညာ ရှိဂရိုဇ်နီသို့ ပျံသန်းနေသော်လည်းဂရိုဇ်နီတွင် မြူများထူထပ်မှုကြောင့် လမ်းကြောင်းပြောင်းခဲ့ရကြောင်း ရုရှားသတင်းအေဂျင်စီများက ဖော်ပြသည်။
ကာဇက်စတန်၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ ကနဦး အစီရင်ခံစာ အရအဆိုပါလေယာဥ် ပေါ်တွင်ခရီးသည်(၆၂) ဦးနှင့် အမှုထမ်း (၅) ဦး စုစုပေါင်း(၆၇)ဦး လိုက်ပါခဲ့ကြောင်း၊ ခရီးသည် (၆၂)ဦးတွင် အဇာဘိုင်ဂျန်နိုင်ငံသား(၃၇)ဦး၊ ၊ ကာဇက်စတန်နိုင်ငံသား (၆)ဦး၊ ကာဂျစ်စတန်နိုင်ငံသား(၃)ဦးနှင့် ရုရှားနိုင်ငံသား (၁၆)ဦး တို့လိုက်ပါလာကြသည်ဟုသိရသည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ကာဇက်စတန်အစိုးရက ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
“ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့နဲ့ သေဆုံးသွားသူ၊ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို ဦးစားပေးအကူအညီပေးဖို့ ကော်မရှင်ကို ညွှန်ကြားထားပါတယ်” ဟု ကာဇက်စတန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Source/ Euro News/CNN