Preview

စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူနေမှုကိုရှောင်ရှားရန်ထွက်ပြေးလာသူ မြန်မာ ၁၁၆ ဦးကို ထိုင်းရဲဖမ်းဆီး

လူထက်နိုင် | ဖေဖော်ဝါရီ ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :560
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉ /၂၀၂၅

မြန်မာစစ်တပ်က မတရား စစ်မှုထမ်းခေါ်ယူနေမှုကိုရှောင်ရှားရန်ထွက်ပြေးလာသူ မြန်မာနိုင်ငံသား ၁၁၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြသည်။

သူတို့ကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ ၅ နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ Sangkla Buri ၌ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက “စစ်ကောင်စီက စစ်မှုထမ်းဖို့မတရားခေါ်နေတော့ ပြေးမယ့်နေရာက မရှိလေ။ ဒီဖက်ရောက်တော့ ဖမ်းပြီး ပြန်ပို့ရင် ပိုနာမှာပေါ့။ အခုရက်ပိုင်း ကိုယ့်မြန်မာတွေ၊ ထိုင်းရောက်နိုင်ငံခြားသားတွေကိုလည်း စောင့်ကြည့်ဖို့ ရဲတွေကို ညွှန်ကြားထားတယ်။ သတိထားသွားလာကြဖို့လိုပါတယ်” ဟုပြောသည်။

ဖမ်းဆီးရရှိသူများတွင် ကလေးငယ်နှစ်ဦး၊ အမျိုးသမီး ၄၄ ဦးနှင့် အမျိုးသား ၇၀ ဦးပါဝင်ကြောင်း သိရသည်။


blob
ဓာတ်ပုံ - စစ်ကောင်စီ၏ စစ်မှုထမ်းရန်ဆင့်ခေါ်မှုကို တိမ်းရှောင်ရန်လာစဉ် ထိုင်း-မြန်မာနယ်စပ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်က ဖမ်းဆီးခံရသူများ။

မြန်မာနိုင်ငံတွင် စစ်တပ်ကဆင့်ခေါ်နေသော စစ်မှုထမ်းအဖြစ်မှ ရှောင်တိမ်းရန် ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ဖမ်းဆီးရရှိသူတချို့က ထွက်ဆိုထားသည်ဟု Khaosod က ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ ဘတ်ပေး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် နယ်စပ်ဖြတ်ကျော်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်၊ ညသန်ခေါင်ယံအချိန်ကလည်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်အခြမ်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများက ဖော်ပြခဲ့သည်။

ယင်းနေ့တွင်ပင် နောက်ထပ် ကလေး ၁၁ ဦးနှင့် အမျိုးသမီး ၄၆ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀၆ ဦးကို ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဖတ်ချဘူရီပြည်နယ်၊ စစ်ဆေးရေးဂိတ်တခုတွင် ကုန်တင်ကားတစ်စီးအတွင်း ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းက ဖော်ပြခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း အရွယ်မရောက်သေးသူများအပါအဝင် စွန့်ပစ်ခံထားရသော မြန်မာလူမျိုး ၆၀ နီးပါးကို ထိုင်းနိုင်ငံ၊ ဖိချဘွန်ပြည်နယ်ရှိ သစ်တောတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ စစ်မှုထမ်းရန်ဆင့်ခေါ်မှုကို တိမ်းရှောင်ရန်လာစဉ် ထိုင်း-မြန်မာနယ်စပ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်က ဖမ်းဆီးခံရသူများ။





#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.