Preview

၂၀၂၅ စင်ကာပူ ရွေးကောက်ပွဲ မေလ ၃ ရက် တွင်ကျင်းပမည်

ဂျွန်နသန် | မေ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :714
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မေလ ၂/ ၂၀၂၅

စင်ကာပူနိုင်ငံ တွင် ယနေ့ (မေလ ၃ ရက်) တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။

ယခုရွေးကောက်ပွဲသည်၁၉၄၈ ခုနှစ်တွင် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် (၁၉) ကြိမ်မြောက်ဖြစ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်ကာ၊၁၉၆၅ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ကျင်းပသည့် (၁၄) ကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲလည်းဖြစ်သည်။ 

ပါလီမန် အမတ်နေရာ (၉၇) နေရာအတွက်မဲဆန္ဒနယ် (၃၃) ခုတွင် လက်ရှိအာဏာရပါတီ PAP အပါအ၀င်နိုင်ငံရေးပါတီပေါင်း (၁၁) ခု မှကိုယ်စားလှယ်လောင်း (၂၁၁) ဦးတို့က ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လူဦးရေ (၆)သန်းရှိရာ (အသက်၂၁ နှစ်ပြည့်ပြီးသူ) လူဦးရေ (၂.၇၆) သန်းကမဲပေးကြမည် ဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲသည် စင်ကာပူနိုင်ငံ၏သမိုင်းတွင် ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံး၀င်ရောက်ယှဥ်ပြိုင်မည့် ရွေးကောက်ပွဲဖြစ်ပြီးယင်း သည် ၁၉၆၃ ခုနှစ်က ကျင်းပခဲ့သည့်  ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း(၂၁၀) ဦး၏ စံချိန်ကို ကျော်လွန်သွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် မေလ ၁၅ ရက်တွင် Lawrence Wong က ဝန်ကြီးချုပ်အဖြစ်၎င်း၊၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် People's Action Party (PAP) PAP ၏ အထွေထွေ အတွင်းရေးမှူးအဖြစ်၎င်း ဆက်ခံခဲ့ပြီးဖြစ်သည်။ 

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်းလိုလိုတွင် PAP ပါတီသည် အမတ်နေရာအများစုကို အနိုင်ရရှိခဲ့သည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် People's Action Party(PAP) သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အခက်ခဲဆုံးယှဉ်ပြိုင်မှုဖြစ်သော်လည်း မဲဆန္ဒနယ် (၃) ခုမှလွဲ၍  အားလုံးနီးပါး ကို အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲကို၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၀) ရက်(သောကြာနေ့)တွင်  ကျင်းပခဲ့သည်။

မဲဆန္ဒနယ် (၃၁)နေရာရှိခဲ့ပြီးအမတ်နေရာ (၉၃)ဦးအတွက် ရွေးကောက်တင်မြှောက်ရန် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါရွေးကောက်ပွဲတွင်အာဏာရ PAP ပါတီ က (၈၃)နေရာ၊ Worker Party က (၁၀)နေရာအနိုင်ရရှိခဲ့သည်။

(PAP)သည် ရှေးရိုးစွဲအယူဝါဒီ ပါတီ ဖြစ်ပြီး ၁၉၆၅ ခုနှစ် စင်ကာပူလွတ်လပ်ရေးရသည့်အချိန်မှစ၍ အာဏာရှိခဲ့ပြီး နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၁၉၈၁ ခုနှစ်အထိ လွှတ်တော်တွင် နေရာအားလုံးအနိုင်ရခဲ့ပြီး ပြီးခဲ့သည့်(၁၄)ကြိမ်မြောက် လွှတ်တော်တွင်အမတ်နေရာ (၉၃)နေရာတွင် (၈၃)နေရာ အနိုင်ရရှိခဲ့သည်။ 

စင်ကာပူ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်သူ အသက်(၅၂) နှစ်အရွယ်ရှိ Lawrence Wong က ဦးဆောင်ပြီး ၄င်းသည် PAP ခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

PAP က မဲဆန္ဒနယ် (၃၃) နေရာတွင် ကိုယ်စားလှယ် (၉၇)ဦး ၀င်ပြိုင်မည်။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီဖြစ်သည့် အလုပ်သမားပါတီ (Workers' Party)သည် အတိုက်အခံပါတီများတွင် အကြီးဆုံးဖြစ်ပြီး ပြီးခဲ့သည့် လွှတ်တော်တွင် ဒုတိယအကြီးဆုံးပါတီဖြစ်ကာ အမတ်နေရာ (၁၀)နေရာရရှိခဲ့သည်။

ယခင်ရွေးကောက်ပွဲနှစ်ကြိမ်တွင် (၆)နေရာအနိုင်ရခဲ့သည့် မှတ်တမ်းကို ပိုမိုမြှင့်တင်နိုင်ခဲ့သည်။ 

ယခုနှစ်တွင် မဲဆန္ဒနယ် (၈) နေရာတွင် ကိုယ်စားလှယ် (၂၆)ဦး ၀င်ပြိုင်မည်။

အတိုက်အခံ ပါတီဖြစ်သည့် Workers' Party ကို ၄၉ နှစ်အရွယ်ရှိ  ရှေ့နေဖြစ်သူ  (Pritam Singh) က ဦးဆောင်ပြီး လွှတ်တော်၏ သုံးပုံတစ်ပုံကို ထိန်းချုပ်ရန် ရေရှည်ရည်မှန်းချက်ထားရှိသည်။ 

Progress Singapore Party (PAP) ပါတီကိုယခင် PAP​ပါတီ ၏ လွှတ်တော်အမတ်ဖြစ်သူ Tan Cheng Bock က ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

စင်ကာပူဒီမိုကရက်တစ်ပါတီ (Singapore Democratic Party) ပါတီသည် လူ့အခွင့်အရေးကို အလေးပေးသော ဆိုရှယ်လီဘရယ်မူဝါဒရှိသည်။ 

၁၉၉၁ ခုနှစ်တွင် အများဆုံး ၃ နေရာအနိုင်ရခဲ့ပြီးနောက်၁၉၉၇ ခုနှစ်ကတည်းကစပြီးယခုအချိန်အထိ လွှတ်တော်အမတ်နေရာတစ်ခုမျှ မရရှိခဲ့ပေ။

၆၂ နှစ်အရွယ် Chee Soon Juan က ဦးဆောင်ပြီး သူအား အာဏာရပါတီခေါင်းဆောင်များက ကဲ့ရဲ့ပြစ်တင်မှုဖြင့် တရားစွဲဆိုခံခဲ့ဖူးသည်။ကျန်နိုင်ငံရေးပါတီများမှာမူပါတီငယ်များသာဖြစ်ကြသည်။

(၁၄) ကြိမ်မြောက် စင်ကာပူ ပါလီမန်ကို ၂၀၂၅ ခုနှစ် ဧပြီလ (၁၅)ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

(၁၄)ကြိမ်မြောက်ပါလီမန်သည် (၄နှစ် ၈လ)ဖြင့်စင်ကာပူသမိုင်းတွင် ဒုတိယ သက်တမ်းကာလအကြာဆုံး ဖြစ်ခဲ့ပြီး ၊ စင်ကာပူ ပါလီမန်တစ်သက်တမ်းကာလအတွင်း အစည်းအဝေးအများဆုံး (၁၆၂ကြိမ်) အဖြစ်အများဆုံးဖြစ်ခဲ့သည်။

မဲဆွယ်စည်းရုံးမှု များ သည် (၉)ရက်ကြာမြင့်ခဲ့ပြီးနောက် မေလ(၁)ရက်တွင် မဲဆွယ်ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ စင်ကာပူ၏(၁၄)ကြိမ်မြောက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည်မေလ(၃)ရက်(ယနေ့) တွင် ကျင်းပတော့မည်ဖြစ်သည်။ Source/CNA / Reuters

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.