နိရဉ္စရာ၊ မေ ၈/ ၂၀၂၅ (နိုင်ငံတကာ)
မေလ(၇)ရက်နေ့က အမေရိကန်နိုင်ငံ၊ ကိုလံဘီယာတက္ကသိုလ်တွင်ပြုလုပ်ခဲ့သည့်ပါလက်စတိုင်းလိုလား ထောက်ခံသည့် ဆန္ဒပြပွဲအတွင်း ကျောင်းသား ဒါဇင်နှင့်ချီပြီး ဖမ်းဆီးခံခဲ့ရကြောင်း ရိုက်တာသတင်းကဖော်ပြချက်အရ သိရသည်။
လွန်ခဲ့သည့်နှစ်က ကိုလံဘီယာတက္ကသိုလ်တွင်ပြုလုပ်ခဲ့သည့် ဂါဇာတွင် အစ္စရေး၏ စစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြမှုများနောက်ပိုင်း အကြီးဆုံးသော ဆန္ဒပြမှုဖြစ်သည့် ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြပွဲကိုမေလ(၇)ရက်က ကိုလံဘီယာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ရာကျောင်း စာကြည့်တိုက်ကို စီးနင်းခဲ့ကြသည့် ကျောင်းသား ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဆန္ဒပြကျောင်းသားများသည်ကျောင်း စာကြည့်တိုက်၊ ဒုတိယထပ်ရှိ ပင်မစာကြည့်ခန်းကို သိမ်းပိုက်ထားကြောင်း ကိုလံဘီယာတက္ကသိုလ်အာဏာပိုင်များ၏ တိုင်တန်းချက်အရ နယူးယောက် ရဲတပ်ဖွဲ့က ကျောင်းဝင်းအတွင်းသို့ အတင်း၀င်ရောက်လာခဲ့ပြီး၄င်းတို့အားဖမ်းဆီသွားခဲ့ခြင်းဖြစ်သည်။
နယူးယောက်ရဲတပ်ဖွဲ့သည်အနည်းဆုံး ကျောင်းသား (၄၀) မှ(၅၀)ဦးခန့်အား(ပလပ်စတစ်ကြိုးများဖြင့်လက်များကိုတုပ်နှောင်ကာ)ရဲကားများ၊ ဘတ်စ်ကားများဖြင့်ခေါ် ဆောင်သွားခဲ့သည်ကိုမြင်တွေ့ခဲ့ရသည်ဟုရိုက်တာကဖော်ပြသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုနှင့်ဓာတ်ပုံများတွင် မျက်နှာဖုံးစွပ်ထားသည့် ဆန္ဒပြသူများသည် စားပွဲများပေါ်တွင်မတ်တပ်ရပ်ကာ ဒရမ်များတီးခတ်ပြီး "ဂါဇာအတွက် သပိတ်မှောက်ကြ " ၊ "လွတ်မြောက်သော နယ်မြေ" စသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြသည်ကို Lawrence A. Wein စာကြည့်ခန်း၏ မီးရောင်များအောက် တွင် မြင်တွေ့ရသည်။
ယမန်နှစ်က ကိုလံဘီယာတက္ကသိုလ်ဝင်းအတွင်း ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းထောက်ခံ ဆန္ဒပြမှုများနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အပြင်းအထန် ဝေဖန်ခဲ့ပြီး ယင်းဆန္ဒပြမှုများသည် ဂျူးလူမျိုးများအပေါ် မုန်းတီးမှုကို ဖော်ပြနေကာ ဂျူးကျောင်းသားများအား အကာအကွယ်ပေး ရန် ပျက်ကွက်ခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။
ထရမ့် နှင့် အစ္စရေးကို လွန်ကဲစွာလိုလားထောက်ခံသည့် ရှေးရိုးစွဲနိုင်ငံရေးသမားများသည် ပါလက်စတိုင်းကိုထောက်ခံဆန္ဒပြမှုများနှင့် ဂျူးဆန့်ကျင်ရေး တို့ကို ရောထွေးယှက်တင်နေကြကြောင်း ဂျူး(အစ္စရေး)ထောက်ခံသူ အချို့အပါအဝင်ဆန္ဒပြကျောင်းသားများက ပြန်လည်တုန့်ပြန်ခဲ့ကြသည်။
ပြီးခဲ့သည့်မတ်လအတွင်း ကတက္ကသိုလ်၏ သိပ္ပံသုတေသနအတွက် ဒေါ်လာသန်းပေါင်းရာနှင့်ချီသော အထောက်အပံ့များအား ဖျက်သိမ်းကြောင်း ကြေညာခဲ့မှုနှင့်ပတ်သက်ပြီးကိုလံဘီယာတက္ကသိုလ် ၏ဘုတ်အဖွဲ့သည်ထရမ့် အုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းလျက်ရှိသည်။
တက္ကသိုလ် အဆောက်အအုံလုံခြုံရေးအတွက် မေလ(၇)ရက် ညနေပိုင်းတွင် နယူးယောက်ရဲတပ်ဖွဲထံ အကူအညီတောင်းခံခဲ့ကြောင်း နှင့် လုံခြုံရေးအရာရှိနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာတက္ကသိုလ်က ထုတ်ပြန်ကြေညာခဲ့သည်။
ပညာရေးလွတ်လပ်ခွင့်အားအစိုးရက ဝင်ရောက်စွက်ဖက်နေမှုများအပေါ် ကာကွယ်ပေးခြင်းမရှိဆိုသည့်လူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲချက်များကို တက္ကသိုလ်က ပယ်ချခဲ့ပြီးတက္ကသိုလ်ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးနှင့် အမုန်းပွားမှုများကို တိုက်ဖျက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ကိုလံဘီယာ တက္ကသိုလ်ကပြောဆိုခဲ့သည်။ (Source/Reuters)