နိရဉ္စရာ၊ မေ ၃၁/၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်က ခွဲထွက်ရေး လှုပ်ရှားနေသည့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သော ကူးကီး-ချင်း အမျိုးသားတပ်ဦး (Kuki-Chin National Front /KNF)၏ စစ်ယူနီဖောင်းအစုံ သောင်းနှင့်ချီပြီးဖမ်းမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီယာများက ရေးသားဖော်ပြကြသည်။
စစ်တကောင်းတောင်တန်းဒေသတွင် လှုပ်ရှားနေသော လက်နက်ကိုင် ခွဲထွက်ရေး အဖွဲ့တစ်ခုဖြစ်သည့် ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) အတွက် အထည်ချုပ်စက်ရုံများတွင်ပြုလုပ်ထားသည့် ယူနီဖောင်းအစုံ ၁၅,၀၀၀ ကို ရဲတပ်ဖွဲ့က လွန်ခဲ့သည့်မေလ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
မေလ ၂၇ ရက်နေ့ အစောပိုင်းတွင်စစ်ကောင်းမြို့၏ Noyahat ဧရိယာရှိ အထည်ချုပ်စက်ရုံတစ်ခု၏ ဂိုဒေါင်တစ်ခုမှ KNF စစ်ဝတ်စုံ ၁၁,၇၈၅ ထည်အား ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီးမေလ ၁၈ ရက်နေ့တွင်စစ်တကောင်းမြို့ Bayezid Bostami ဧရိယာတွင်ရှိသော “Ringvo Apparels” အထည်ချုပ်စက်ရုံမှ ယူနီဖောင်းပေါင်း ၂၀,၃၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
အဖွဲ့အစည်းများ၏ ယူနီဖောင်း စုစုပေါင်း ၄၇,၀၈၅ တို့ကို သိမ်းဆည်းရမိခဲ့ပြီး သီးခြားစီးနင်းမှု ၃ ခုတွင် အဆိုပါ ယူနီဖောင်းဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး စက်ရုံပိုင်ရှင်များ၊ ကန်ထရိုက်တာများ အပါအဝင် လူ ၄ ဦးကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
၎င်းယူနီဖောင်းများကို ငွေတာကာ ၂ ကုဋေတန် စာချုပ်ဖြင့် အမှာစာ မှာယူခဲ့ကြောင်း သိရသည်။
KNF အဖွဲ့သည်၂၀၂၂ ခုနှစ်တွင် စစ်တကောင်းတောင်တန်းဒေသတွင် ပေါ်လာသည့်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီးစစ်တကောင်းတောင်တန်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ခွဲထွက်ရေးအတွက် လှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နဲ့ နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွက် ဘင်ဒရိုဘင်ခရိုင်၊ ရန္ကာမတီခရိုင်နှင့် ခါကာဆိုရီ ခရိုင် (၃) ခုတည်ရှိပြီး လူနည်းစု မျိုးနွယ်စုဝင် အများဆုံးနေထိုင်ကြသည်ဟု သိရသည်။