Preview

G7 ထိပ်သီးအစည်းအဝေးက အစ္စရေးကို ထောက်ခံ၊ အီရန်သည် အရှေ့အလယ်ပိုင်းမတည်မငြိမ်မှု၏ အရင်းအမြစ်ဟုဆို

Web Master | ဇွန် ၁၇/ ၂၀၂၅ | ကြည့်ရှုသူ :142
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇွန် ၁၇/ ၂၀၂၅ (နိုင်ငံတကာ)

ကနေဒါနိုင်ငံတွင် ပြုလုပ်ခဲ့သည့် G7 ထိပ်သီးအစည်းအဝေးက အစ္စရေးကို ထောက်ခံကြောင်းနှင့် အီရန်သည် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှု၏ အရင်းအမြစ်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

တနင်္လာနေ့နှောင်းပိုင်းက G 7 ထိပ်သီးအစည်းအဝေး ပူးတွဲထုတ်ပြန်ကြေညာချက်တွင် တင်းမာမှုများလျှော့ချရန် အီရန်အပေါ် တောင်းဆိုခဲ့ပြီး အစ္စရေးသည် ပြင်းထန်နေသည့် အရှေ့အလယ်ပိုင်း အကျပ်အတည်းတွင် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိသည်ဟု အလေးပေးပြောဆိုခဲ့သည့်အကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းအပြင် အစ္စရေးကို ထောက်ခံကြောင်း ဖော်ပြပြီး အစ္စရေး၏ပြိုင်ဘက် အီရန်ကို အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများ၏ အရင်းအမြစ်အဖြစ် တံဆိပ်ကပ်လိုက်သည်ဟုလည်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ကမ္ဘာ့အရေးကြီးဆုံး နိုင်ငံများဖြစ်သည့် G7 နိုင်ငံစု၏ ၅၁ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကနေဒါနိုင်ငံ Alberta ပြည်နယ်၊ Kananaskis ကျေးလက်ဒေသတွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးထုတ်ပြန်ချက်တွင် ယခုလို ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ G 7 ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့က ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ယခုနှစ် အစည်းအဝေးတွင် ဧည့်နိုင်ငံအဖြစ် အိန္ဒိယဝန်ကြီးချုပ် Modi နှင့် ယူကရိန်းသမ္မတ Zelensky တို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ G7 ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးကြသည့်အကြောင်းအရာများမှာ ယူကရိန်းစစ်ပွဲ အပါအဝင် ကမ္ဘာ့လုံခြုံရေးပြဿနာများ၊ အရှေ့အလယ်ပိုင်းအရေးအခင်းများအပါအဝင် အစ္စရေး-အီရန်ပဋိပက္ခ၊ ကမ္ဘာ့စီးပွားရေး အတက်အကျ၊ ကုန်သွယ်ရေးစနစ်ပြဿနာများ၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများကိုပါ အလေးပေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က G 7 အစည်းအဝေးပြီးဆုံးအောင် မနေဘဲ အမေရိကန်သို့ ချက်ချင်းပြန်လာခဲ့သည်။

အစ္စရေးနှင့် အီရန်တို့၏ ပဋိပက္ခ (၅) ရက်မြောက်သည့် အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ပြည်သူများကို တီဟီရန်မြို့မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့် အီရန်သည် နျူလက်နက်ထုတ်လုပ်ရေး သဘောတူညီချက်ကို ပယ်ချခဲ့သည်ဟု ပြောဆိုခဲ့သည်။

အသေးစိတ်အချက်အလက်များကိုမူ ပြောဆိုသွားခြင်းမရှိဟု ဆိုသည်။

Source: The Daily Star
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#အိန္ဒိယ#အမေရိကန်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.