သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၈/၂၀၂၅
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှန်နာဝပ်ထရာကို ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းပြည်သူများက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆန္ဒပြတောင်းဆိုနေကြောင်း သတင်းရရှိသည်။
ဘန်ကောက်မြို့ရှိ အောင်ပွဲခံကျောက်တိုင်တွင် ရာနှင့်ချီသော ဆန္ဒပြသူများသည် ယနေ့ ဇွန်လ ၂၈ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ယနေ့ညနေပိုင်းအထိ ဆန္ဒပြ တောင်းဆိုနေကြခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာ Bangkok post က ဖော်ပြထားသည်။
ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရခြင်းမှာ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင်တို့နှစ်ဦး ဖုန်းပြောဆိုခဲ့သည့် အသံဖိုင်ပေါက်ကြားပြီးနောက် ရှပ်ဝါထောက်ခံသူများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိဟုဆိုကာ ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်ဟု သိရသည်။
ဆန္ဒပြသူများ၏လုံခြုံရေးအတွက် ထိုင်းရဲတပ်ဖွဲ့၏ တပ်ခွဲ (၄)မှ ရဲတပ်ဖွဲ့ဝင် နှစ်ထောင်ကျော်နှင့် ဗုံးရှင်းလင်းရေးအဖွဲ့နှင့် ရဲခွေးအချို့ကိုလည်း တာဝန်ပေးထားသည်ဟု ထိုင်းသတင်းများက ဆိုသည်။
အလားတူ ဆန္ဒပြနေသည့်နေရာအနီးတဝိုက် CCTV ကင်မရာ ၂၀၀ ကျော်ဖြင့် စောင့်ကြည့်နေပြီး အရေးပေါ်လူနာတင်ယာဉ်လေးစီးနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖယ်ရှားရှင်းလင်းရေးအဖွဲ့များက မြေပြင်နှင့် မိုးပျံလမ်းတလျှောက် မသင်္ကာစရာပစ္စည်းများအတွက် ကင်းလှည့်စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။
ဘန်ကောက်မြို့တွင် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်နေသော်လည်း ထိုင်းဝန်ကြီးချုပ် ပေတုန်တသည် ယနေ့ နံနက်ပိုင်းတွင် ထိုင်းစစ်တပ်ပိုင်လေယာဉ်နှင့် ချင်းမိုင်ဒေသရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားသည်။
ဓာတ်ပုံ - Bangkok post
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။