Preview

အစ္စရေးနှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်တွင် လူ ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာထုတ်ပြန်

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :2352
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဇူလိုင် ၁/ ၂၀၂၅

အစ္စရေးနှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်တွင် အနည်းဆုံး လူပေါင်း ၉၃၅ ဦး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်သည် အပစ်အခတ်ရပ်စဲပြီး သီတင်းတစ်ပတ်နီးပါးခန့်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်ုပ်တို့နိုင်ငံမှာ ဇီယွန်ဝါဒီအစိုးရရဲ့  တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပွားခဲ့ရတဲ့  ၁၂ ရက်ကြာ စစ်ပွဲအတွင်း အခုအချိန်အထိ သေဆုံးသူအာဇာနည် ၉၃၅ ဦးဖော်ထုတ်တွေ့ရှိထားပါတယ်” ဟု တရားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Asghar Jahangir ၏ ပြောကြားချက်ကို ကိုးကား၍ တရားဝင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

သေဆုံးသူများအထဲတွင် အမျိုးသမီး ၁၃၂ ဦးနှင့် ကလေး ၃၈ ဦး ပါဝင်ကြောင်း Jahangir မှ ပြောကြားခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက်တွင် အီရန်အပေါ် ကြီးမားသော ဗုံးကြဲတိုက်ခိုက်မှုကို စတင်ခဲ့ပြီး အီရန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးများနှင့် အဏုမြူသိပ္ပံပညာရှင်အများအပြား သေဆုံးခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် အီရန်နိုင်ငံတစ်ဝှမ်းရှိ စစ်အခြေစိုက်စခန်းများ၊ နျူကလီးယားစခန်းများနှင့် လူနေရပ်ကွက်များကို ထိမှန်ခဲ့သည်။

အီရန်ကအစ္စရေးရှိ တဲလ်အဗစ်နှင့် ဟိုင်ဖာ အပါအဝင်မြို့ကြီးများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ အစ္စရေးတွင်လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

အီရန်နှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေးသည် ဇွန်လ ၂၄ ရက်က စတင်အသက်ဝင်ခဲ့သည်။ Source: AFP

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.