လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၂ /၂၀၂၅
အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်မှုများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအရပ်ရပ်တို့တွင် ပါဝင်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းနှိုးဆော်လိုက်သည်။
ထိုင်းရောက်မြန်မာများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြသည့် နေရာများအား ရှောင်ရှားကြရန်နှင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြုကြရန် NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် မေတ္တာရပ်ခံချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်း နှိုးဆော်လိုက်ခြင်းဖြစ်သည်။
“မိမိတို့၏ မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရသည့်အားလျော်စွာ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်လျက်ရှိသည့် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းတို့နှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးမှာ လွန်စွာအရေးကြီးသည့်အလျောက် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြဘဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံသို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ကြောင်း NUG က ဆိုသည်။
ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုတို့အား ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကိုယ်စား အထူးကျေးဇူးတင်ရှိလျက်ရှိကြောင်း NUG က ပြောသည်။
NUG အနေဖြင့် လက်ရှိယာယီ ခိုလှုံနေရသည့်ကာလအတွင်း၌ မြန်မာနိုင်ငံသားများက ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစားလိုက်နာလျက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာ ထောက်ထားလျက် ဆက်လက်၍ ကူညီစောင့်ရှောက်ပေးရန်လည်း NUG က မေတ္တာရပ်ခံထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှန်နာဝပ်ထရာသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုအသံဖိုင်ပေါက်ကြားခဲ့သည့်ကိစ္စအတွက် စုံစမ်းစစ်ဆေးခံနေရသည့်အပြင် ဝန်ကြီးချုပ်ရာထူးမှလည်း ယမန်နေ့ ဇူလိုင်လ ၁ ရက်မှစတင်ကာ ဆိုင်းငံ့ခံထားရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုအတွင်း နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟု စွပ်စွဲခံထားရသည့်အတွက် ပေတုန်တန်အား ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားရန် အထက်လွှတ်တော်အမတ်များက တရားရုံးထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရာထူးမှဆိုင်းငံ့ခံလိုက်ရသည့်ဝန်ကြီးချုပ်အနေဖြင့် ၁၅ ရက်အတွင်း ပြန်လည်ခုခံချေပနိုင်သည်ဟုလည်း သိရသည်။
သူမ ရာထူးမှ ဆိုင်းငံ့ခံထားရချိန် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ဆူရီယက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဟု သိရသည်။
ဓာတ်ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှန်နာဝပ်ထရာ ရာထူးမှ နုတ်ထွက်ပေးရန် ဇွန်လ ၂၈ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆန္ဒပြခဲ့ကြစဉ်။ (Photo - Bangkok post)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။