နိရဉ္စရာ၊ ဇူလိုင် ၃/ ၂၀၂၅
ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ဝေးလံခေါင်သီသော ကျွန်းငယ်များတွင် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ငလျင်အကြိမ်ပေါင်း ၉၀၀ ကျော်လှုပ်ခတ်ခဲ့သဖြင့်ကျွန်းသူကျွန်းသားများအနေဖြင့် မအိပ်နိုင်ဘဲဖြစ်နေကြရသည်ဟု ဒေသခံများကိုကိုးကားပြီး AFP (တိုကျို) က သတင်းဖော်ပြသည်။
ငလျင်ဆက်တိုက်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိသေးသော်လည်းကျူရှူးဒေသတောင်ပိုင်း တိုကာရာကျွန်းဆက်များတွင် ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဂျပန်မိုးလေဝသအေဂျင်စီ(JMA) က အရေးပေါ်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
"ဇွန် ၂၁ ရက်ကတည်းက တိုကာရာ (Tokara)ကျွန်းဆက်တစ်ဝိုက် ပင်လယ်ပြင်မှာ ငလျင်လှုပ်ခတ်မှုဟာ အရမ်းများပြားနေပါတယ်" ဟု ငလျင်နှင့် ဆူနာမီစောင့်ကြည့်ရေးဌာနမှ ဒါရိုက်တာ Ayataka Ebita က သတင်းထောက်များအား ပြောကြားခဲ့သည်။
“ဒီနေ့ဇူလိုင် ၃ ရက် ညနေ ၄ နာရီအထိ၊ အရေအတွက် ၉၀၀ ကျော်သွားပြီ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး ငလျင်သည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို အေဂျင်စီက မပြောနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုကာရာရွာတွင် နေထိုင်သူများသည် ငလျင်ကြောင့်အိပ်မပျော်နိုင်ဘဲဖြစ်နေကြပြီး မောပန်းနွမ်းနယ်နေကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
“တုန်လှုပ်သွားသလို ခံစားရတယ်” ဟု မြို့ခံတစ်ဦးက ဒေသတွင်း ရုပ်သံလွှင့်ဌာန MBC သို့ ပြောကြားခဲ့သည်။
"အိပ်ပျော်နေတာတောင် အရမ်းကြောက်တယ်။ဒါတွေ ဘယ်တော့ ပြီးမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး။ ကျွန်တော့် ကလေးတွေကို ပြောင်းရွှေ့ရမလား စဉ်းစားနေတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
JMA ၏အဆိုအရ တိုကာရာဒေသတွင် ငလျင်လှုပ်ခတ်မှု ပြင်းထန်သည့်ကာလကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် မြင်တွေ့ခဲ့ရပြီး ငလျင် ၃၄၆ ကြိမ်အထိလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဝေးလံခေါင်သီသော တိုကာရာတွင် ကျွန်းစု ၁၂ ခုရှိပြီးအဆိုပါကျွန်းများအနက် ကျွန်း ၇ ခုတွင် လူနေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၇၀၀ ခန့် ရှိသည်ဟုဆိုသည်။
လူပေါင်း ၁၂၅သန်းခန့်ဝန်းကျင် နေထိုင်ရာ ကျွန်းစုနိုင်ငံဖြစ်သည့်ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကမ္ဘာ့ငလျင်လှုပ်ခတ်မှု အများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီ နှစ်စဉ် လှုပ်ခတ်မှုပေါင်း၁၅၀၀ ခန့် ရှိပြီး ကမ္ဘာ့ငလျင်၏ ၁၈ရာခိုင်နှုန်းခန့် ရှိသည်။
အများစုသည် အပျော့စားဖြစ်သော်လည်း ၎င်းတို့၏ တည်နေရာနှင့် ရိုက်ခတ်သည့် အတိမ်အနက်ပေါ်မူတည်၍ ပျက်စီးမှု ကွဲပြားမှုများပြားသည်ဟုဆိုသည်။
၂၀၂၄ ခုနှစ် နှစ်သစ်ကူးနေ့တွင် ဂျပန်နိုင်ငံအလယ်ပိုင်း နိုတိုကျွန်းဆွယ်တွင် ငလျင်လှုပ်ခတ်၍ လူပေါင်း ၆၀၀ နီးပါး သေဆုံးခဲ့သည်။