နိရဉ္စရာ၊ ဇူလိုင် ၆/၂၀၂၅
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူ ၅၁ ဦးအထိ ရှိလာပြီး ထိုအထဲတွင် ကလေးငယ် ၁၅ ဦးပါဝင်သည်ဟု Independent တွင် သတင်းဖော်ပြထားသည်။
နွေရာသီစခန်းတစ်ခုမှ ပျောက်ဆုံးနေသည့် မိန်းကလေး လေးဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
နွေရာသီ စခန်းချနေထိုင်သူ ဒါဇင်ပေါင်းများစွာကို အပူတပြင်း ရှာဖွေနေသည်ဟုသတင်းတွင်ဆက်လက် ဖော်ပြသည်။
စနေနေ့ နံနက်ပိုင်းအထိ အနည်းဆုံး လူ ၈၅၀ ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရေကြီးမှုကြောင့် ဂွာဒါလူပီ(Guadalupe)မြစ်တစ်လျှောက်တွင် ပျက်စီးခဲ့ရသည့်နွေရာသီစခန်းတစ်ခုဖြစ်သည့် Camp Mystic မှ မိန်းကလေး ၂၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂွါဒါလူပီမြစ်တစ်လျှောက် မိုးသည်းထန်စွာရွာသွန်းပြီးနောက် သောကြာနေ့တွင် မျှော်လင့်မထားသော ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး သောကြာနေ့ အရုဏ်မတက်မီတွင် ရေများ လျင်မြန်စွာ မြင့်တက်လာမှုကြောင့် နေအိမ်များနှင့် မော်တော်ယာဉ်များ ရေထဲမျောပါသွားခဲ့သည်။
တက္ကဆက် အောက်လွှတ်တော်အမတ် Chip Roy က ၎င်းရေကြီးမှုမှာရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ရေကြီးမှုကြောင့် စနေနေ့မွန်းလွဲပိုင်းတွင်သေဆုံးသူ ၅၁ ဦးအထိ မြင့်တက်လာခဲ့သည်ဟုပြောဆိုသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရေလွှမ်းမိုးမှုကို“ကြောက်စရာ” နဲ့ “ထိတ်လန့်စရာ” အဖြစ် ဖော်ပြခဲ့ပြီးတက္ကဆက်ပြည်နယ်မှ အရေးပေါ်အကူအညီများ ပေးအပ်သွားမည်ဟုပြောဆိုသည်။