Preview

ကမ္ဘောဒီးယားနိုင်ငံခမာနီအကျဉ်းထောင်၂ခုနှင့် Killing Fields ကွပ်မျက်သည့်နေရာအား ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းခံရ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :1251
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဇူလိုင်၁၃/၂၀၂၅(နိုင်ငံတကာ)

ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရလက်ထက်က ညှဉ်းပန်းနှိပ်စက်မှုနှင့် ကွပ်မျက်ရေးနေရာများအဖြစ် အသုံးပြုခဲ့သည့် နေရာသုံးခုကို ယူနက်စကိုက ၎င်း၏ကမ္ဘာ့အမွေအနှစ်စာရင်း( Unesco heritage list) တွင် ထည့်သွင်းခဲ့သည်။

အဆိုပါ နေရာ (၃) ခုမှာ ဖနွမ်းပင်မြို့တော်ရှိ S-21 လို့ခေါ်သည့်Tuol Sleng Genocide ပြတိုက်၊နိုင်ငံအလယ်ပိုင်းရှိM-13 အကျဉ်းထောင်နှင့်ဟောလိဝုဒ်ရုပ်ရှင် The Killing Fields တွင် ပါဝင်သည့်သေဒဏ်စီရင်သည့်နေရာတို့ ပါဝင်သည်။

ပြင်သစ်နိုင်ငံပါရီမြို့တွင် ကျင်းပသည့် ယူနက်စကို၏ (၄၇) ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီအစည်းအဝေးအတွင်း အဆိုပါသမိုင်းဝင် ရက်စက်ကြမ်းကြုတ်ဆုံး နေရာ ၃ ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ဇူလိုင် ၁၁ ရက်နေ့က ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာ၃ခုအား ထည့်သွင်းမှုသည် ၁၉၇၅ မှ ၁၉၇၉ ခုနှစ်အထိ ၄ နှစ်တာ အုပ်ချုပ်မှုအတွင်း ကမ္ဘောဒီးယားလူမျိုး (၁.၇)သန်းခန့် သေဆုံးစေခဲ့သော ကွန်မြူနစ် ခမာနီအစိုးရ အာဏာရလာမှု နှစ် ၅၀ ပြည့် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေသည်ဟုAP က သတင်းဖော်ပြသည်။  

ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခံရသောနေရာတစ်ခုဖြစ်သည့်  S-21 (ခေါ်)  Tuol Sleng Genocide ပြတိုက်သည်  နာမည်ဆိုးဖြင့်ကျော်ကြားသည့် နေရာတစ်ခုဖြစ်ပြီး ဖနွမ်းပင်မြို့တော်တွင်တည်ရှိကာ အထက်တန်းကျောင်းကိုအကျဉ်းထောင်အဖြစ်အသုံးပြုကလူပေါင်း ၁၅,၀၀၀ လောက်ကိုခမာနီတို့က ထောင်ချပြီး ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်ခဲ့သည့် ကျောင်းဟောင်းရဲ့ နေရာဖြစ်သည်။

နောက်ထပ်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းခံရသည့်နေရာတစ်ခုမှာ M-13 အကျဉ်းထောင်ဖြစ်ပြီး ကမ္ဘောဒီးယားအလယ်ပိုင်း ကမ်တုံချန်းပြည်နယ်ကျေးလက်ဒေသတွင်တည်ရှိကာအစောပိုင်း ခမာနီများ၏ အဓိက အကျဉ်းထောင်များထဲမှ တစ်ခုဖြစ်သည်။

နောက်တစ်နေရာမှဖနွမ်းပင်မြို့တော်တွင်မြို့တော်တောင်ဘက် ၁၅ ကီလိုမီတာ (၁၀ မိုင်)ခန့် အကွာတွင်ရှိသော Choeung Ek သင်္ချိုင်းဖြစ်ပြီးအဆိုပါနေရသည် လူအများအပြားအား အစုလိုက်အပြုံလိုက်ကွပ်မျက်ပြီးမြှပ်နှံသည့်နေရာဖြစ်သည်။

ထိုနေရာတွင် ကျူးလွန်ခဲ့သော ရက်စက်မှုများ၏ ဇာတ်လမ်းကို   New York Times ဓာတ်ပုံသတင်းထောက် Dith Pran နှင့် သတင်းထောက် Sydney Schanberg တို့၏ အတွေ့အကြုံများကို အခြေခံ၍ ၁၉၈၄ကဟောလိဝုဒ်ရုပ်ရှင် The Killing Fields ကိုရိုက်ကူးခဲ့ပြီး အများ၏ အာရုံစူးစိုက်မှုရရှိခဲ့သည်။

ခမာနီများသည် ၁၉၇၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဖနွမ်းပင်မြို့ကို သိမ်းပိုက်ခဲ့ပြီးမြို့သူမြို့သားများကိုကျေးလက်ဒေသသို့အတင်းပို့ဆောင်ကာ အလုပ်ကြမ်းများစေခိုင်းခဲ့ပြီး ၁၉၇၅ ခုနှစ်မှ  ၁၉၇၉ ခုနှစ်ထိ (၅) နှစ်ကာလအတွင်း ကမ္ဘောဒီးယားပြည်သူ ၂ သန်းနီးပါးအား ရက်စက်စွာ သတ်ဖြတ်ပစ်ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ယူနက်စကိုစာရင်းဝင်ခြင်းကို အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့နံနက်တွင် နိုင်ငံတဝှမ်းတွင် ဒရမ်များကို တပြိုင်နက် တီးခတ်ကြရန်သောကြာနေ့က ညွှန်ကြားခဲ့သည်။

“ဒီယူနက်စကိုရဲ့အသိအမှတ်ပြု ကမ္ပည်းစာက ငြိမ်းချမ်းရေးကို အမြဲတမ်း ကာကွယ်ရမယ်ဆိုတဲ့ အဓွန့်ရှည်တဲ့ သတိပေးချက်တစ်ခုဖြစ်ပါစေ” ဟု ဟွန်မန်နက်က အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုမက်ဆေ့ချ်တွင် ပြောကြားခဲ့သည်။

“သမိုင်းရဲ့ အမှောင်ဆုံးအခန်းတွေကနေ လူသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ခွန်အားတွေ ထုတ်ယူနိုင်ပါတယ်။”ဟုလည်း ၎င်းပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ယခင်က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား  ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းခြင်းခံရသည့်​နေရာများလည်းရှိသည်။

၎င်းတို့မှာ ၁၉၉၂ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းခံရသည့် အန်ကော‌ရှေးဟောင်းဘုရားကျောင်းများ၊ ၂၀၀၈ ခုနှစ်က Preah Vihear ဘုရားကျောင်း၊ ၂၀၁၇ ခုနှစ်က Sambor Prei Kuk ရှေးဟောင်းသုတေသနနေရာ၊၂၀၂၃ ခုနှစ်က Koh Ker ရှေးဟောင်းသုတေသနနေရာတို့ဖြစ်ကြသည်။Source: Associated Press


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.