Preview

အင်ဒိုနီးရှား ခရီးသည်တင်ကူးတို့သင်္ဘော ပင်လယ်ပြင်တွင်မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :765
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၅ (နိုင်ငံတကာ)

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းအနီးတွင် ဒီကနေ့ တနင်္ဂနွေနေ့က လူရာပေါင်းများစွာ တင်ဆောင်လာသည့် ခရီးသည်တင် ကူးတို့သင်္ဘောတစ်စီးမီးလောင်ခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကားပြီး AP က သတင်းဖော်ပြသည်။  

ရေတပ်သင်္ဘောသုံးစင်းဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ခရီးသည်နှင့် အမှုထမ်း ၂၈၄ ဦးကို လက်ရှိအချိန်အထိ ကယ်ဆယ်ကာဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း အင်ဒိုနီးရှားရေတပ်ကွပ်ကဲမှုအဖွဲ့မှ ဒုတိယရေတပ်ဗိုလ်ချုပ် Denih Hendrata က ပြောကြားခဲ့သည်။

KM Barcelona 5 အမည်ရှိအဆိုပါ သင်္ဘောသည် မြောက်ဆူလာဝေစီပြည်နယ် မြို့တော် Manado သို့ ဦးတည်သွားနေစဉ်Talise အနီးရေပြင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု၎င်းက ပြောဆိုသည်။  

ကြောက်ရွံ့ထိတ်လန့်နေသည့် ခရီးသည်အများစုသည် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားကာ ပင်လယ်ထဲသို့ ခုန်ဆင်းခဲ့ကြသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကိုအမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီမှ ထုတ်ပြန်ထားသည်။

အနီးနားရှိ ကျွန်းများသို့ မျောပါသွားခဲ့ကြသည့်အသက်ကယ်အင်္ကျီများဝတ်ဆင်ထားသည့် အသက်ရှင်ကျန်ရစ်သူအချို့ကိုလှိုင်းကြီးနေသောရေပြင်အတွင်း ဒေသခံငါးဖမ်းသမားများမှ ကူညီကယ်ဆယ်ခဲ့ရသည်။

ကယ်ဆယ်ရေးသမားများသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ရုပ်အလောင်းငါးလောင်းကို ဆယ်ယူရရှိခဲ့သည်ဟုဆိုသည်။ 

ထိခိုက်ဒဏ်ရာရရှိမှုသတင်းကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသလို ကူးတို့သင်္ဘောပေါ်ရှိ ခရီးသည်များနှင့် အမှုထမ်းများ၏ ကိန်းဂဏန်းအတိအကျကိုမူ မသိရှိရသေးဟုAP သတင်းတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့အနေနဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အာရုံစိုက်နေတုန်းပါပဲ" ဟု Hendrata က ပြောကြားပြီး မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မီးလောင်နေသော သင်္ဘောပေါ်မှ လိမ္မော်ရောင် မီးတောက်နှင့် အနက်ရောင် မီးခိုးများ ထွက်လာသည်ကိုရုပ်သံများတွင် မြင်တွေ့ရသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.