Preview

ရုရှားနိုင်ငံ လေယာဉ်ပျက်ကျမှုကြောင့် လူ ၄၉ ဦး သေဆုံး

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :768
နိုင်ငံတကာ သတင်း

 နိရဉ္စရာ၊ဇူလိုင် ၂၅/၂၀၂၅ (နိုင်ငံတကာ)

လူပေါင်း ၄၉ ဦး တင်ဆောင်လာသည့် ခရီးသည်တင်လေယာဉ်တစ်စီးရုရှားနိုင်ငံ အရှေ့ဘက်အကျဆုံး Amur ဒေသတွင်ကြာသပတေးနေ့က ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောသည်။

ဆိုဗီယက်လုပ် ပန်ကာနှစ်လုံးတပ် Antonov-24 လေယာဉ်သည် ဝေးလံခေါင်သီသော တောထူထပ်သော မြေပြင်တွင် ပျက်ကျခဲ့ရာ လေယာဉ်ပျက်ကျရာ နေရာမှ မီးခိုးလုံးများ ထွက်လာပြီး အသက်ရှင်ကျန်ရစ်သူ အရိပ်အယောင် မတွေ့ရကြောင်း နိုင်ငံပိုင် မီဒီယာနှင့် စုံစမ်းစစ်ဆေးရေးမှူးများက ထုတ်ပြန်သည့် ဗီဒီယိုများအရ သိရသည်။

Angara လေကြောင်းလိုင်းလေယာဉ်သည် ဘလာဂိုဝေ့ရှ်ချန်စ့်မြို့မှ Tynda မြို့သို့ ဦးတည်ပျံသန်းနေစဉ် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ (၀၄၀၀ ဂရင်းနစ်စံတော်ချိန် GMT) တွင် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်ပိုင်းတွင် ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းသည် Tynda လေဆိပ်၏တောင်ဘက် ၁၅ ကီလိုမီတာအကွာရှိ တောတောင်ကုန်းစောင်းတစ်ခုတွင် မီးလောင်နေသော လေယာဉ်ကိုယ်ထည်ကို တွေ့ရှိခဲ့သည်။

ရုးရှားစုံစမ်းစစ်ဆေးရေးမှူးများက လွှင့်တင်ထားသည့် ဗီဒီယိုများတွင် ပျက်ကျရာနေရာမှ မီးခိုးများထွက်နေပြီး လေယာဉ်အပိုင်းအစများ သစ်တောကြမ်းပြင်တွင် ပြန့်ကျဲနေပုံများကိုပြသခဲ့သည်။ 

လေယာဉ်ပျက်ကျပြီး နာရီအနည်းငယ်အကြာတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ သွားလာရခက်ခဲသောလေယာဉ်ပျက်ကျရာနေရာသို့ရောက်ရှိလာပြီး အသက်ရှင်ကျန်ရစ်သူ အထောက်အထားမတွေ့ရှိရကြောင်း နိုင်ငံပိုင်သတင်းဌာန Tass က ပြောကြားခဲ့သည်။

လူပေါင်း သုံးသောင်း ခန့်နေထိုင်သော Tynda မြို့သည် တရုတ်နယ်စပ်မှ ကီလိုမီတာ ၂၀၀ ခန့်အကွာ ထူထဲသော Taiga သစ်တောဧရိယာတွင် တည်ရှိသည်။ လေယာဉ်ပေါ်တွင် အနည်းဆုံး တရုတ်အမျိုးသားတစ်ဦး လိုက်ပါသွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

 “သေဆုံးသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် လေးလေးနက်နက် ဝမ်းနည်းကြောင်း ဖော်ပြလိုပါတယ်” ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။

ရုရှား၏ လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကလေယာဉ်ပေါ်ရှိ လူအရေအတွက်ကို အတိအကျ မထုတ်ပြန်သေးသော်လည်းလေယဉ်ပေါ်တွင်ကလေးငါးယောက်အပါအဝင်လေယာဉ် ခရီးသည် ၄၃ ဦးနှင့် အမှုထမ်း ၆ဦး လိုက်ပါသွားကြောင်း Amur ဒေသ၏ အုပ်ချုပ်ရေးမှူး Vasily Orlov က ပြောကြားသည်။ Source:AFP

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.