ပိုးဝါ၊ နိရဉ္စရာ၊ ဇူလိုင် ၂၆/၂၀၂၅
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသူတစ်ဦးစီလျှင် ထိုင်းအစိုးရက လျော်ကြေး ဘတ် တစ်သန်းပေးမည်ဟု ယနေ့ ထုတ်ပြန်သည်။
ယင်းအပြင် တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါထိခိုက်သူတစ်ဦးစီလျှင် ဘတ် ခုနစ်သိန်း၊ ဒဏ်ရာပြင်းထန်စွာရရှိသူတစ်ဦးလျှင် ဘတ်ငွေ နှစ်သိန်းနှင့် သာမန်ဒဏ်ရာရရှိသူတစ်ဦးလျှင် ဘတ်ငွေ တစ်သိန်းထောက်ပံ့ပေးမည်ဟု ထိုင်းအစိုးရ၏ ယနေ့ ဇူလိုင်လ ၂၆ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ရက်တာဖြစ်ပွားခဲ့သည့် အဆိုပါနယ်စပ်တိုက်ပွဲအတွင်း ကလေးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ထိုင်းပြည်သူ ၁၃ ဦး သေဆုံးခဲ့ရပြီး စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်သည်ဟု ထိုင်းအစိုးရက ဆိုသည်။
နောက်ပြီး ကမ္ဘောဒီးယားရှိ ထိုင်းနိုင်ငံသားများကိုလည်း ဘေးကင်းစွာ ပြန်ခေါ်နိုင်ရေးအတွက် အထူးလေယာဉ်များ စီစဉ်ပေးရန် လေကြောင်းလိုင်းများအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ထားသည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိမှာ စစ်ဘေးကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။
ယနေ့ နှစ်နိုင်ငံ တိုက်ပွဲ သုံးရက်မြောက်တွင် ထိုင်းရေတပ်လည်း ပါဝင်လာပြီး ထိုင်းနယ်မြေ သုံးခုက စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
ဓာတ်ပုံ- Getty Images
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။