Preview

ထိုင်းနှင့် ကမ္ဘောဒီးယားစစ်ပွဲ တတိယနေ့အဖြစ် ဆက်လက် ပြင်းထန်နေ

သျှင်မင်းဇံ | ဇူလိုင် ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :611
နိုင်ငံတကာ သတင်း

(ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို ထိုင်းက သိမ်းပိုက်)

သျှင်မင်းဇံ၊ နိရဉ္စရာ၊ ဇူလိုင် ၂၆/၂၀၂၅

ထိုင်းနှင့် ကမ္ဘောဒီးယားစစ်ပွဲသည် ယနေ့တွင် တတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး နယ်စပ်တွင် တပ်စွဲထားသည့် ကမ္ဘောဒီးယား စစ်စခန်းတစ်ခုကို ထိုင်းက သိမ်းယူလိုက်ပြီဟု ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ယနေ့ ဇူလိုင် ၂၆ ရက်၊ ထိုင်းစံတော်ချိန် နံနက် ၉ နာရီခွဲခန့်တွင် ထိုင်း-ကမ္ဘော ဒီးယားနယ်စပ်ရှိ ကမ္ဘောဒီးယားစစ်တပ်က တပ်စွဲထားသည့် Phu Makhuea တောင်ပေါ်စစ်စခန်းကို သိမ်းယူလိုက်ပြီး နိုင်ငံအလံကို လွှင့်တင်ထားသည်ဟု ဆိုသည်။

ယင်းအပြင် အဆိုပါစခန်း သိမ်းတိုက်ပွဲတွင် ကမ္ဘောဒီးယားစစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိသည်ဟု ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် ကမ္ဘောဒီးယားကလည်း အဆိုပါနေရာကို ပြန်လည် သိမ်းပိုက်ရေး လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်ရက်တာဖြစ်ပွားခဲ့သည့် အဆိုပါနယ်စပ်တိုက်ပွဲအတွင်း ကလေးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ထိုင်းပြည်သူ ၁၃ ဦး သေဆုံးခဲ့ရသည်ဟု ထိုင်းအစိုးရက ဆိုထားသည်။

နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲအတွင်း သေဆုံးသူတစ်ဦးစီအတွက် ဘတ် တစ်သန်း၊ မသန်စွမ်းဖြစ်သွားသူတစ်ဦးအတွက် ဘတ် ခုနစ်သိန်း၊ ဒဏ်ရာပြင်းထန်သူတစ်ဦးစီအတွက် ဘတ် နှစ်သိန်းနှင့် ဒဏ်ရာရသူတစ်ဦးစီအတွက် ဘတ် တစ်သိန်း ထောက်ပံ့ပေးမည်ဟု ထိုင်းအစိုးရက ယနေ့တွင် ထုတ်ပြန်အသိပေးထားသည်။

လက်ရှိမှာ စစ်ဘေးကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံကလည်း ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ကြားဝင်စေ့စပ်နိုင်ရေး ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ မအောင်မြင်သေးဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် ကမ္ဘောဒီးယားနိုင်ငံသား ထောင်နှင့်ချီသည်လည်း နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ထွက်ခွာနေပြီး ထိုင်းအာဏာပိုင်များကလည်း ထွက်ခွာနေသည့် ကမ္ဘောဒီးယားနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

ဓာတ်ပုံ - အင်တာနက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.